ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်ရှိ စစ်ကောင်စီရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ ရဲစခန်းတို့ကို တော်လှန်ရေးအဖွဲ့တွေက အောက်တိုဘာ ၁၇ ရက်နေ့က ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ့တိုက်ခိုက်မှုကို NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဒရုန်းနည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်နေသည့် Kloud Drone အဖွဲ့နှင့် Angry Bird Drone Ranger၊ Power of Ababil (POA) တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်အသိပေးထားပါတယ်။
ပစ်မှတ်နေရာတွေကို တိကျစွာ ဗုံးသီးချတိုက်ခိုက်နိုင်ခဲ့ပေမယ့် ထိခိုက်သေဆုံးတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ရဲ့ ခလရ ၉၇ တပ်ရင်းက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာရှိပေမယ့် တော်လှန်ရေးအဖွဲ့တွေဘက်က ထိခိုက်တာမရှိခဲ့ဘူးလို့ သိရပါတယ်။
ကရင်ပြည်နယ်အတွင်းက မြဝတီ၊ ကော့ကရိတ်၊ ဖာပွန်၊ သံတောင်ကြီး၊ ကြာအင်းဆိပ်ကြီးနဲ့ ဘုရားသုံးဆူမြို့တွေမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ သူရဲ့လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေဟာ တော်လှန်ရေးတပ်တွေရဲ့ ဝင်ရောက်ပစ်ခတ်တာ၊ ဒရုန်းနဲ့ဗုံးကြဲတာတွေ မကြာခဏခံရလေ့ရှိပါတယ်။