ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နဲ့ ကြာအင်းဆိပ်ကြီး လမ်းပိုင်းမှာရှိတဲ့ တောင်ကြာအင်းရဲစခန်းကို KNU ပူးပေါင်းတပ်တွေ မနေ့ ဒီဇင်ဘာလ ၂၈ ရက်မှာ သိမ်းယူလိုက်တယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေထံကသိရပါတယ်။
တောင်ကြာအင်းရဲစခန်းဟာ ကော့ကရိတ်မြို့နယ်အပိုင်ထဲမှာပါပြီး KNU တပ်မဟာ ၆ စစ်ရေး လှုပ်ရှားတဲ့ နယ်မြေမှာတည်ရှိတာပါ။
” “သိမ်းလို့ရပြီကြားတယ်၊ တချို့(စစ်ကောင်စီတပ်ဖွဲ့ဝင် ) သေတယ်၊ တချို့လက်နက်ချတယ်၊ မြောက်ကြာအင်း (တံတားဂိတ်) ကတော့ မသိရသေးဘူး” လို့တောင်ကြာအင်းဒေသခံတစ်ဦးက ပြောပါတယ်။
ရဲစခန်းကို KNU နဲ့ ပူးပေါင်းတပ်တွေ ဝင်တိုက်ချိန်မှာ စစ်ကောင်စီလေတပ်က တိုက်လေယာဉ်နဲ့ ပစ်ကူပေး တိုက်ခိုက်တာတွေရှိတယ်လို့သိရပါတယ်။
“လေယာဉ်က ဗုံးနဲ့ကြဲတာမဟုတ်ဘူး၊အပေါ်ကနေ လှမ်းပစ်တာ” လို့ တောင်ကြာအင်းဒေသခံကဆိုပါတယ်။
ထိုင်း − မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်က ကော့ကရိတ်မြို့ကို သိမ်းဖို့အတွက် KNU နဲ့ ပူးပေါင်းတပ်တွေဟာ ဒီဇင်ဘာလဆန်းပိုင်း က ကော့ကရိတ်မြို့တွင်း မြို့ပြင်မှာရှိတဲ့ စစ်တပ်စခန်းတွေကို အပြင်းအထန်ဝင်တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်ရေးအာရှလမ်းမကြီးလည်း ပိတ်သွားခဲ့ပြီး ကော့ကရိတ်မြို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲပါ။