ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ အာရှလမ်းမကြီး ကော့ကရိတ်နှင့် မြ၀တီ လမ်းပိုင်း ရင်ခွဲ တောင်၊ တောနော်ရေတံခွန်အနီးတွင် မိုးများ အဆက် မပြတ် ရွာသွန်းမှုကြောင့် လမ်း ပြိုကျပျက်စီးသွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
“ကော့ကရိတ်-မြဝတီ ရင်ခွဲတောင်အကျော်နားမှာ လမ်းက အချက်လိုက် ပြိုကျ သွားတယ်။ တောင်ကျ ချောင်းရေကြောင့်ပြိုတာ။ လမ်းပန်းဆက်သွယ်ရေးက လုံး၀ ပြတ်တောက်သွားပြီ။ မြ၀တီမြို့ အဝင် မြေနီကုန်းမှာလည်း ရေ တွေ အရမ်း ကြီးနေတယ်။ ကားတွေ သွားလို့မရတော့ဘူး” ဟု မြ၀တီမြို့မှ ပြည်သူ တစ်ဦးက ပြောဆိုသည်။
အာရှလမ်းမကြီး၏ လမ်းပြိုကျပျက်စီးမှု အခြေအနေသည် ပြုပြင်ရန် ခက်ခဲပြီး လနှင့်ချီ၍ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားမည့် အခြေအနေ ဖြစ် သည်ဟု မြ၀တီမြို့ခံ ပြည်သူတချို့က သုံးသပ်ပြောဆိုသည်။
“အခုက လမ်းပိုင်းတွေက ရင်ခွဲတောင်နားတင်မဟုတ်ဘူး။ အခြား တောင်တက် လမ်းပိုင်း တွေလည်း ပျက်တယ်ကြားတယ်။ အခြေအနေကတော့ အတော်ကို ဆိုးတယ်” ဟု ရန်ကုန်-မြ၀တီပြေးဆွဲနေသော ခရီးသည်တင်ယာဉ် မောင်း တစ်ဦး က ဆိုသည်။