အခုရက်ပိုင်းအတွင်း ကော့သောင်းမြို့နယ်မှာ ဖြစ်ပွါးတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတစ်ရာနီးပါး ထိုင်းဘက်ကို ထွက်ပြေးကြရတယ်လို့ ဒေသခံတွေနဲ့တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
ကော့သောင်းမြို့ထဲက မလိဝမ်းကျေးရွာ တစ်နေရာမှာ မနေ့က နေ့လယ် ၁၁ နာရီလောက်က ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။
အဲ့ဒီလို ပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ်စစ်ကြောင်းက မလိဝမ်းချောင်းကနေတဆင့် ပါချန်မြစ်ကြောတလျှောက် ကုန်းလမ်းရော ရေလမ်းကိုပါ အသုံးပြုပြီး ညနေ ၃ နာရီကျော်ထိ ထိုးစစ်ဆင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့လှုပ်ရှားမှုတွေ နှစ်ဖက်ပစ်ခတ်တွေကြောင့် မလိဝမ်းကျေးရွာနဲ့ ၇ မိုင်ခန့်ဝေးတဲ့ ခမောက်ကြီးမြို့၊ ချောင်းဝရွာက ရွာသားတချို့ဟာ ထိုင်းဘက်ကို ကြိုတင်စစ်ရှောင်ခဲ့ကြပါတယ်။
ဒေသခံ ၃၀ ကျော်ကတော့ ထိုင်းဘက်ကို ရောက်ရှိသွားပြီဖြစ်ပြီး တချို့ကတော့ စစ်ကောင်စီတပ်သားတွေ ကုန်းလမ်းရောရေလမ်းကပါလှုပ်ရှားနေတာကြောင့် ထိုင်းဘက်ကို မရောက်သေးဘဲ လမ်းတဝက်မှာပိတ်မိနေတဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။
“နောက်ထပ်တိုးဆိုရင် ၁၀၀ လောက်ရှိနိုင်အုံးမယ်။ အခုက အကုန်အရေးပေါ်ဆိုတော့ ဒီဘက်မှာရှိတဲ့သူတွေလည်း အချင်းချင်းကူညီနေကြတယ်။ ပါလာတာကလေးတွေလည်း များတယ်။” လို့ စစ်ရှောင်တွေကို ကူညီစောင့်ရှောက်ပေးနေသူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ တတိယအပတ်က ခမောက်ကြီးရွာက စစ်ကောင်စီသတင်းပေးဆိုသူနှစ်ဦး ဖမ်းဆီး၊ အသတ်ခံရပြီးနောက် ခမောက်ငယ်ရွာ၊ ချောင်းဝရွာ၊ မလိဝမ်းရွာတွေထဲကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးဝင်ရောက်လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။
အဲဒီတုန်းကလည်း ခမောက်ကြီးမြို့၊ ချောင်းဝရွာက ဒေသခံ တစ်ရာကျော် ထိုင်းဘက်ကို စစ်ဘေးရှောင်ထွက်ပြေးခဲ့ရပါတယ်။
အခုလပထမပတ်အတွင်းမှာလည်း ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့က ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးအထိုင်ချထားသလို မာရမ်းဒေသ၊ ပါကလပ်ဒေသ၊ အေးသာယာရွာ၊ အေးမြသာယာရွာ၊ ဝိုင်ဒင်းရွာတွေဘက်မှာလည်း စစ်ကောင်စီတပ်သားတွေအင်အားအလုံးအရင်းနဲ့ နယ်မြေရှင်းလင်းရေးတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီတုန်းကလည်း စစ်ကောင်စီတပ်ဟာ စစ်ရေးလှုပ်ရှားတဲ့နယ်မြေအနီးတဝိုက်က ဒေသခံ ၃၀ ကျော်ကို လူသားဒိုင်းအနေနဲ့ဖမ်းဆီးတာတွေလုပ်ဆောင်ခဲ့တာကြောင့် ပြည်သူတွေစစ်ဘေးရှောင်ခဲ့ရပါတယ်။