ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေတိုက်ပွဲဖြစ်ပြီး ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ တပ်နဲ့နီးစပ်သူတွေနဲ့ ကော့သောင်း(ပကဖ)တာဝန်ရှိသူက သတင်းပေးပို့ခဲ့ပါတယ်။
ခမောက်ကြီးမြို့အခြေစိုက် ခလရ(၂၈၈) တပ်ရင်းက အင်အား ၅၀ လောက်ရှိတဲ့စစ် ကောင်စီစစ်ကြောင်းဟာ မနေ့က ညနေ ၆ နာရီဝန်းကျင်မှာ နယ်မြေရှင်းလင်းဖို့ထွက်လာချိန် ရှေ့ထွက်မိုင်း ၂ လုံးနဲ့ အလစ်ငိုက်တိုက်ခိုက်ခဲ့တယ်လို့ ကော့သောင်း(ပကဖ)တာဝန်ရှိသူက ဆိုပါတယ်။
“တိုက်ပွဲဖြစ်တာသိပ်မကြာပေမယ့် သူတို့(စစ်ကောင်စီ)ဘက်ကလက်နက်အင်အားသာလွန်နေတော့ ပြန်ဆုတ်ခဲ့ရတယ်။” လို့ ကော့သောင်း(ပကဖ)တာဝန်ရှိသူက ပြောပါတယ်။
နှစ်ဖက်ပစ်ခတ်မှု ၁၅ မိနစ်ခန့်ကြာခဲ့တဲ့ အဲ့ဒီ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး၊ စစ်ကြောင်းမှူးလို့ယူဆရတဲ့အရာရှိတစ်ဦးလည်း ထိခိုက်ဒဏ်ရာအပြင်းအထန်ရကာ ၎င်းကို ကော့သောင်းကနေ မြိတ်ဘက်ကို လေကြောင်းနဲ့ပို့လိုက်တယ်လို့ တပ်နဲ့နီးစပ်သူတွေနဲ့ ကော့သောင်း(ပကဖ)တာဝန်ရှိသူက ပြောပါတယ်။
“မြိတ်ကိုသွားတာလား၊ ရန်ကုန်ကိုသွားတာလားတော့မသိဘူး။ ခရီးသည်တင်ယာဉ်မှာ ခရီးသည်မပါဘူး။ အရာရှိကိုပဲသီးသန့်ပို့တာ။” လို့ တပ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ကော့သောင်း(ပကဖ)တာဝန်ရှိသူပြောပြချက်အရ အလစ်ငိုက်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ တပ်သားတချို့ပြန်ထွက်သွားတာ ရှိသလို တချို့ကတော့ ကင်းပုန်းဝပ်ကျန်ခဲ့တာမျိုးတွေရှိတယ်လို့ သိရပါတယ်။