ရေဖြူမြို့နယ်၊ ကံပေါက်ဒေသကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ကားငယ်တစ်စီး ဒီကနေ့မနက် ၆ နာရီလောက်က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အဲဒီတပ်ကားမှာ စစ်ကောင်စီတပ်သား ၁၀ ယောက်ကျော်လိုက်ပါလာပြီး ကံပေါက်ဒေသနဲ့ ကလိန်အောင်မြို့ကြားမှာရှိတဲ့ ပြောင်ပုပ်တောင်အနီးတဝိုက်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတာလို့ သိရပါတယ်။
” ထွက်လာတာက ရေတပ်က ဖြစ်ဖို့များတယ်။ ဘယ်ကလဲတော့ သေချာမသိရဘူး။ ” လို့ ကံပေါက်ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီတပ်ကားငယ်ဟာ ကံပေါက်ဒေသနဲ့ ကလိန်အောင်မြို့ တလျှောက်ကင်းလှည့်ဖို့ ထွက်လာတာဖြစ်နိုင်တယ်လို့ ဒေသခံက ခန့်မှန်းပြောပါတယ်။
လွန်ခဲ့တဲ့ နှစ်ရက်ကလည်း ကလိန်အောင်အခြေစိုက် ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ (၄၀၉)၊ (၄၁၀) တပ်ရင်းတွေတိုက်ခိုက်ခံရပြီး နောက်တစ်နေ့မှာ စစ်ကောင်စီတပ်သားတွေဟာ စစ်ကားငယ် နှစ်စီး၊ သုံးစီးလောက်နဲ့ တစ်ရက်အတွင်း သုံးကြိမ် ကင်းလှည့်ခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့မနက်ကလည်း စစ်ကားငယ် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် တပ်ကားအကြီးတစ်စီး အခင်းဖြစ်တဲ့နေရာကိုရောက်လာပြီး ဒဏ်ရာရတပ်သားတွေကို လာရောက်သယ်ယူသွားတယ်လို့ သိရပါတယ်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ် ဆိုတာကိုတော့ မသိရသေးပါဘူး။
ကံပေါက်ဒေသနဲ့ ကလိန်အောင်မြို့အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်ရင်း လေးခုနဲ့ မောရဝတီရေတပ် ရှိပြီး ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်တဲ့အချိန်တိုင်း စစ်ကောင်စီတပ်က အင်အား အလုံးအရင်းနဲ့ ကင်းလှည့်တာ၊ အရပ်သားတွေကို ရိုက်နှက်ဖမ်းဆီးတာ၊ အနီးတစ်ဝိုက်ကို လက်နက်ကြီးနဲ့ပစ်တာ၊ စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်လေ့ရှိပါတယ်။