တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာ စစ်ကောင်စီက ဆိုင်ကယ်စီးခွင့် ပိတ်ထားတဲ့အပြင် ဒေသခံအများစု သွားလာရေးအတွက် အဓိကထား အသုံးပြုနေရတဲ့ ဈေးခြင်းတောင်းတပ်ဆိုင်ကယ် စီးနင်းခွင့်ကိုပါ မေ ၁၁ ရက်ကစပြီး ကန့်သတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကံပေါက်ဒေသခံတဦးက “၁၀ ရက်နေ့ကတည်းက ကောလာဟလ ပေးမစီးတော့ဘူးဆိုပြီး အသံအရင်ထွက်လာတယ်။ ၁၁ ရက်နေ့မှာတော့ အသံချဲ့စက်နဲ့ လာအော်သွားတယ်၊ ပေးမစီးတော့ဘူး၊ စီးရင် အရေးယူမယ်လို့ ကြေညာသွားတယ်” လို့ ပြောပါတယ်။
အခုလို ကန့်သတ်လိုက်တာကြောင့် ဈေးသည်တွေနဲ့ ဒေသခံတွေ သွားလာရေးအခက်အခဲကို တကျော့ပြန် ကြုံတွေ့နေရပါတယ်။
ဈေးသည်တဦးက “မနက်စောစော ဈေးထွက်ဖို့က ဈေးခြင်းဆိုင်ကယ်ပဲ အဓိကအားကိုးရတာ။ မတပ်ရဘူး ဆိုတော့ ဈေးရောင်းတာ နားမှရမယ်။ မနားချင်ရင် ဘေးတွဲတပ်ရမယ်။ ဘေးတွဲစရိတ်ကလည်း လေးငါးသိန်းလောက်ကုန်တယ်။ မလွယ်ဘူး” ဟု ပြောပါတယ်။
အခုနှစ် ဇန်နဝါရီ ၂၅ ရက်မှာ ကံပေါက်ဒေသမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အပါအဝင် အမျိုးသား ၃ ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီးနောက် မောရဝတီရေတပ်က ကံပေါက်ဒေသကို ဆိုင်ကယ်စီးခွင့် ပိတ်လိုက်ပြီး ဘေးတွဲဆိုင်ကယ်နဲ့ ဈေးခြင်းတောင်းတပ်ဆိုင်ကယ်တွေကို ဒေသခံတွေက အဓိကထား အသုံးပြုနေရပါတယ်။
မောရဝတီ ရေတပ်စခန်းဌာနချုပ်တည်ရှိတဲ့ ကံပေါက်ဒေသဟာ စစ်အာဏာသိမ်းမှုကို အကြမ်းမဖက် လူထုလှုပ်ရှားမှုနဲ့ ရက်ပေါင်း ၁၇၀ နီးပါး နေ့စဉ်ဆန္ဒပြခဲ့တဲ့ဒေသဖြစ်ပြီး အခုနှစ် နှစ်ဆန်းပိုင်းကစပြီး စစ်ကောင်စီက ကန့်သတ်မှုတွေကို အရင်ကထက် ပိုပြီးလုပ်ဆောင်လာနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီနဲ့ ဆက်စပ်သူတွေနဲ့ ပျူစောထီးတွေ ပစ်ခတ်သတ်ဖြတ်ခံရလေ့ရှိတဲ့ ထားဝယ်ခရိုင်ထဲက ကျေးရွာအများစုမှာလည်း စစ်ကောင်စီက အမျိုးသား ၂ ဦး ဆိုင်ကယ်တစီးတည်း စီးခွင့်ကို ပိတ်ပင်ထားပါတယ်။