ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ သီရိမင်္ဂလာရပ်ကွက်မှာနေတဲ့ ဇနီးမောင်နှံနှစ်ဦးကို စစ်ကောင်စီတပ်က ညသန်းခေါင်အချိန် နေအိမ်မှာ ဝင်ဖမ်းသွားတယ်လို့ ဒေသခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
အဖမ်းခံရသူတွေဟာ အသက် ၄၅ နှစ် ဝန်းကျင်အရွယ် ဦးအောင်ဇော်ဦးနဲ့ ဒေါ်ဥမ္မာတို့ဖြစ်ပြီး ဇူလိုင်လ ၁၉ ရက် ည ၁၂ နာရီဝန်းကျင်က ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
ဦးအောင်ဇော်ဦးဟာ ကျောက်တင်ကားမောင်းနေသူဖြစ်ပြီး မဥမ္မာကတော့ နေအိမ်မှာ ကိုယ်ပိုင်မူကြိုကျောင်းဖွင့်ထားတဲ့သူဖြစ်တယ်လို့သိရပါတယ်။
“ဘာကြောင့်ဖမ်းတယ်ဆိုတာမသိရဘူး။ သူ့မူကြိုကတော့ အာဏာမသိမ်းခင်ကတည်းကပဲ ဖွင့်ထားတာ” လို့ ကံပေါက်ဒေသခံ ကိုဆဲဗဲင်းက ပြောပါတယ်။
အဆိုပါဇနီးမောင်နှံနှစ်ဦးကို လက်ရှိဘယ်မှာဖမ်းထားတယ်ဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။
ကံပေါက်ဒေသ သစ်တောလမ်းဆုံအနီးမှာလည်း အင်အား ၁၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်သားတွေ လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးနေတာ သုံးရက်ဆက်တိုက်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
မနေ့ ညနေပိုင်းကလည်း ကံပေါက်ကနေ စစ်ကောင်စီတပ်ကားငယ် ၂ စီး ကားကြီး ၄ စီး အင်အားအပြည့်နဲ့ ကလိန်အောင်ဘက်ကိုထွက်သွားပြီး အမှတ် ၂ တံတားကနေ ပြောင်ပုပ်တောင်အထိ ကားလမ်းမတလျှောက် စစ်ကောင်စီတပ်သားတွေ ချထားခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ နောက်ဆုံးအပတ်က ကံပေါက်-ကလိန်အောင်ကားလမ်းမပေါ်မှာရှိတဲ့ ပြောင်ပုပ်တောင်အနီးမှာ စစ်ကောင်စီတပ်ကား မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။