ဆိုင်ကယ်စီးခွင့်ပိတ်ခံထားရတဲ့ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာ နယ်ခံမဟုတ်တဲ့အရပ်သားတွေလာရောက်နေထိုင်မယ်ဆိုရင် ဧည့်စာရင်းတိုင်ဖို့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက မနေ့ညနေက လိုက်လံကြေညာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကံပေါက်ဒေသမှာ ရပ်ကွက် ၁၁ ခုရှိပြီး အဲဒီရပ်ကွက်အလိုက် သက်ဆိုင်ရာ စစ်ကောင်စီခန့်ရပ်ကျေးအုပ်ချုပ်ရေးမှူးရဲ့ အိမ်တွေမှာ သွားရောက်တိုင်ကြားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ရပ်ကွက်အကုန်လုံးကိုလည်း မကြေညာဘူး။ လမ်းမကြီးပေါ်က ဖြတ်လျှောက်ပဲ ကြေညာသွားတာ။ တိုက်ခိုက်ခံရမှာပဲကြောက်နေတာလားပဲ။ ကားဆိုလည်း အမြန်မောင်းပြီး လိုက်အော်နေတာ။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဧည့်စာရင်းတိုင်ကြားတာနဲ့ပတ်သက်ပြီး ဘယ်အချိန် တိုင်ရမယ်ဆိုပြီး ကန့်သတ်ချက်မျိုးတော့ မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ဧည့်စာရင်းမတိုင်ကြားပါက အိမ်ရှင်ရော ဧည့်သည်ကိုပါ အပြစ်ပေးအရေးယူမယ်လို့ကြေညာသွားပြီး ဘယ်လိုအပြစ်ပေးမယ်ဆိုတာကိုတော့ ကြေညာထားတာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ “ရန်ပုံငွေရှာတဲ့သဘောမျိုးပဲလို့ထင်တယ်။ သူတို့လုံခြုံရေးပိုင်းကို စိတ်ပူတာလည်း ပါမယ်” လို့ သူ့အမြင်ကို ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ပြင်ဆင်ခဲ့တဲ့ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေအရ ဧည့်စာရင်းမတိုင်ရင် ကျပ်တစ်သောင်းထက်မပိုတဲ့ ငွေဒဏ် ချမှတ်နိုင်ပြီး ငွေဒဏ်ပေးဆောင်ဖို့ ပျက်ကွက်ရင် ထောင်ဒဏ် ၇ရက်ထက် မပိုတဲ့ ပြစ်ဒဏ် ချမှတ်နိုင်ပါတယ်။