ရေဖြူမြို့နယ်၊ ကံပေါက်ရွာက အရပ်သားသုံးဦးကို စစ်ကောင်စီတပ်က မနေ့က ည သန်းခေါင်အချိန်မှာ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ခိုင်သဇင် ရပ်ကွက်နေ အသက် ၅၀ ဝန်းကျင်အရွယ်တွေဖြစ်ကြတဲ့ CDM ဆရာမ တစ်ဦး၊ မဂ္ဂင်ရပ်ကွက်နေ PTT ကုမ္ပဏီကားမောင်းနေသူ ကိုနိုင်နဲ့ဇနီးဖြစ်သူတို့ကို သူတို့ရဲ့နေအိမ်အသီးသီးမှာရှိနေတဲ့အချိန် ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပြပါတယ်။
ကျနော်တို့ကံပေါက်မှာ လူတွေလည်းကုန်ပြီ ဖမ်းလို့ကုန်တာနဲ့ စစ်မှုထမ်းရမှာစိုးလို့ ထွက်ကြတာနဲ့။ အခုလည်းကြည့် လူကြီးလူငယ်အလွှတ်မပေးဘူး ဒီကောင်(စစ်ကောင်စီ)တွေက မြင်မြင်ရာအကုန်ဆွဲနေကြတာ။ လို့ ဒေသခံ အသက်၂၀ ကျော် လူငယ်တစ်ဦးက ပြောပါတယ်။
မနေ့ညကအဖမ်းခံခဲ့ရတဲ့ အရပ်သားသုံးဦး ဘယ်မှာ ဖမ်းဆီးခံထားရတယ်ဆိုတာ အတိအကျမသိရပေမယ့် မောရဝတီရေတပ်ဌာနချုပ်မှာ ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေခန့်မှန်းနေကြပါတယ်။ စစ်ကောင်စီဟာ သူတို့ဖမ်းဆီးထားတဲ့ ကံပေါက်ရွာခံအများစုကို မောရဝတီရေတပ်ဌာနချုပ်မှာ ထိန်းသိမ်းကာ စစ်ဆေးလေ့ရှိပါတယ်။
အခုလအထဲမှာ စစ်ကောင်စီဖမ်းဆီးထားတဲ့ ကံပေါက်ရွာခံ အမျိုးသမီးရှစ်ဦးနဲ့ အမျိုးသားတစ်ဦး စုစုပေါင်း ရှစ်ဦးရှိနေပြီ ဖြစ်ပါတယ်။ အဲဒီရှစ်ဦးထဲမှာ အများစုက CDM ဆရာမတွေပါ။
မောရဝတီရေတပ်ဌာနချုပ်က စစ်ကောင်စီတပ်သားတွေအနေနဲ့ တစ်လကို သတ်မှတ်ထားတဲ့လူအရေအတွက်အတိုင်း ဖမ်းဆီးပေးရင် ရာထူးတိုးပေးမယ်ဆိုပြီး မက်လုံးပေးထားတာတွေ ရှိတယ်လို့လည်း ကြားရကြောင်း ဒေသခံအမျိုးသားက ပြောပါတယ်။ ဒီအချက်အလက် ကိုတော့ တနင်္သာရီတိုင်းမ်အနေနဲ့ ထပ်မံအတည်ပြုနိုင်တာမျိုးတော့ မရှိသေးပါဘူး။
ကံပေါက်ဒေသရှိရာ ရေဖြူမြို့နယ်မှာ အခုလအတွင်း စစ်ကောင်စီဖမ်းဆီးထားတာက ရွာငါးရွာက အရပ်သား စုစုပေါင်း ၃၁ ဦးထက်မနည်းရှိနေပါတယ်။ ပြီးခဲ့တဲ့လ ကတော့ ရေဖြူမြို့နယ်က အရပ်သား ၁၄ ဦးကို စစ်ကောင်စီဖမ်းဆီးခဲ့ပါတယ်။