ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဆက်တိုက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကံမိုင်းဒေသမှာ စစ်ဘေး တိမ်းရှောင် နေရတဲ့ ပြည်သူတွေကို MNDAA ဆန် ထောက်ပံ့ ပေးခဲ့တယ်လို့ ကိုးကန့်ပြန်ကြားရေးက ဒီကနေ့ နိုဝင်ဘာ ၁၀ ရက်မှာ ပြောပါတယ်။
ကွမ်းလုံနဲ့ ဟိုလီဒေသ တိုက်ပွဲတွေ အတွင်း ဒေသခံတွေဟာ စစ်ဘေးလွတ်ရာ ဒေသတွေ ဖြစ်တဲ့ ‘ဝ’ ပြည်နယ်၊ လားရှိုးနဲ့ တရုတ် နယ်စပ်မျဥ်းတွေမှာ ထွက်ပြေး တိမ်းရှောင်နေရတာဖြစ်ပြီး ကံမိုင်းဒေသမှာလည်း လာရောက် ခိုလှုံနေကြတယ်လို့ ဆိုပါတယ်။
လက်ရှိ ကံမိုင်းဒေသမှာ စစ်ရှောင်ဦးရေ ၅၀၀ ကျော်အတွက် ကံမိုင်းဒေသ အုပ်ချုပ်ရေးအဖွဲ့က ဆန်ထောက်ပံ့ ပေးနေတယ်လို့ သိရပါတယ်။
ရှမ်းမြောက်မှာ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်တပ် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတာကြောင့် စစ်ရှောင် အရေအတွက် တိုးလာနိုင်တယ်လို့ ရှမ်းလူမှုကူညီရေးအဖွဲ့ တစ်ခုရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ မြောက်ပိုင်း မဟာမိတ်တပ်တွေရဲ့ စစ်ဆင်ရေး ၁၄ ရက်တာအတွင်း ရှမ်းမြောက် ဒေသက မြို့ ၅ မြို့ အပါအဝင် စစ်တပ် စခန်းပေါင်း ၁၃၀ ခန့်ကို သိမ်းယူထားပါတယ်။