ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို စစ်ကောင်စီက ယနေ့ နေ့လယ်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်က ယနေ့ နံနက် ၁၁နာရီခန့်က စတင်ပြီး ကျင်းဒွေးမြို့နှင့် လောင်းရှည်မြို့ကြားကို ဂျက်ဖိုင်တာ တစ်စီးဖြင့် ဗုံး ၈လုံးကြဲချခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
“လေယာဉ်တစ်စီးပျံတက်သွားပြီး ၁နာရီဝန်းကျင် လောက်ကို ဗုံးကြဲသွားတယ်။ အခြေအနေက ဘာတိုက်မှမဖြစ်ဘဲနဲ့ ကြဲသွားတာပါ”ဟု ပြည်သူ့ကာကွယ်ရေးတပ်ရဲဘော်တစ်ဦးက ပြောသည်။
CDF-ကန်ပက်လက်က ကျင်းဒွေးမြို့အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုသို့ စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း လူနှင့်အဆောက်အဦး ထိခိုက်မှုမရှိကြောင်းလည်း ဒေသခံကာကွယ်ရေးတပ်များထံမှ သိရသည်။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်များတွင် ကာကွယ်ရေးတပ်များက ကျင်းဒွေးမြို့ကို တိုက်ခိုက်ရန် အင်အားစုနေကြောင်း ယမန့်နေညပိုင်းက ဝါဒဖြန့်ပြီးနောက် စစ်ကောင်စီက ယနေ့နံနက်တွင် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။
ထို့အပြင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မကွေးတိုင်း ဆိပ်ဖြုမြို့နယ်နှင့် ဂန့်ဂေါခရိုင်၊ဆောမြို့နယ် နဂါးပွတ်တောင်ဘုရားကုန်းမြောက်ဘက်ရင်ပြင်ကိုလည်း ဒီဇင်ဘာ ၁၃ ရက် က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဂန့်ဂေါခရိုင် အမှတ် (၆)တပ်ရင်းက ထုတ်ပြန်ထားသည်။
ထိုသို့ တိုက်ခိုက်မှုကြောင့် ကာကွယ်ရေးတပ်သားများနှင့် ပြည်သူများထိခိုက်မှုမရှိကြောင်းလည်း အဆိုပါတပ်ရင်းက ထုတ်ပြန်ထားသည်။