ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ မဟာမိတ် တပ်ပေါင်းစုံ နဲ့ ရက် ၁၀၀ ကျော် တိုက်ခိုက်ခဲ့ရတဲ့ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို YDF ယောကာကွယ်ရေး တပ်ဖွဲ့မှ နွေဦးသမိုင်းမှာ မေ့မရတဲ့၊ မှတ်တမ်း တခု အဖြစ် ဂုဏ်ယူနေတယ်လို့ YAW DEFENSE FORCE က ဒီနေ့မှာ ထုတ်ပြန်ပါ တယ်။
ကျင်ဒွေးမြို့ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်ကနေ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ် ဧပြီ ၂၉ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။
မြို့ကိုသိမ်းပိုက်ဖို့အတွက် တော်လှန်ရေး အင်အားစုတွေက (Chin Brotherhood Operation ) ချင်းညီနောင် စစ်ဆင်ရေးအဖြစ် မတ် ၇ ရက်နေ့မှ စတင် သတ်မှတ် ပြီးနောက် မဟာမိတ်များနဲ့ အတူ ၅၄ ရက်ကြာတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
ယင်းမြို့သိမ်း တိုက်ပွဲရဲ့ အောင်မြင်မှုဟာ ချင်းလူမျိုးများ အပါအဝင် မဟာမိတ် တိုင်းရင်းသား များရဲ့ ဘုံရန်သူစစ်အုပ်စုကို ဦးတည် ချေမှုန်းမယ်ဆိုတဲ့ စုပေါင်းခွန်အားကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီတိုက်ပွဲမှာ နယ်မြေခံ CDF-Kanpetlet ၊ ချင်းညီနောင် တပ်ဖွဲ့များ၊ PDF ၊ Generation Z Army၊ LPDF၊ YDF ယောကာကွယ်ရေး တပ်တို့ ပါဝင်ဖော်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။
မြို့သိမ်းတိုက်ပွဲ ရက်ရှည်အတွင်း အသက် နဲ့ ကိုယ် အင်္ဂါ အစိတ်အပိုင်းများ ပေးဆပ် တိုက်ပွဲဝင်ခဲ့ကြတဲ့ စစ်သည်တော် အပေါင်းအား လေးနက်စွာ ဦးညွတ်တယ်လို့လည်း အသိပေး ထုတ်ပြန်ထားပါတယ်။