ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို စစ်ကောင်စီဘက်က အင်အားဖြည့်တင်းပြီး လေကြောင်းတိုက်ခိုက် နေသော်လည်း မြို့ကိုသိမ်းပိုက်ရရှိိတဲ့အထိ အရှိန်မြင့် တိုက်ခိုက်သွားမယ်လို့ ချင်းညီနောင်အဖွဲ့က ဒီကနေ့ ဧပြီလ (၂၃) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့က စစ်ကောင်စီတပ်စခန်းကို CDF ပူးပေါင်းတပ်တွေနဲ့ PDF တပ်တွေက ပူးပေါင်ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ကတည်းက တိုက်ပွဲဖော်ဆောင်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းတွေရလုနီးချိန်မှာ စစ်ကောင်စီဘက် လေကြောင်းသုံးတိုက်ခိုက်တာ၊ စစ်ကူတပ်အင်အားဖြည့် တင်းတာတွေကြောင့် ဆုတ်ပေးခဲ့ရတယ်လို့ လည်းထုတ်ပြန်ထားပါတယ်။
ကျင်ဒွေးမြို့ပေါ်တွင်း တိုက်ပွဲတွေပြင်းထန််ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်က ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် စာသင်ကျောင်းနဲ့ အရပ်သားနေအိမ်များစွာပျက်စီးခဲ့သလို အရပ်သားထိခိုက်တာတွေလည်း ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ကျင်ဒွေးမြို့သိမ်းတိုက်ပွဲအတွင်း ရက္ခိုင့်တပ်တော်ကလည်း အစစရာရာကူညီပေးတဲ့အပေါ် ကျေးဇူးတင်ရှိတဲ့ကြောင်းလည်း ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ချင်းညီနောင်အဖွဲ့ကို ဇိုမီးဖက်ဒရယ်အစည်းအရုံး၊ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ မရာမြေအုပ်ချုပ်ရေးကောင်စီ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) တို့နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။
လေးလခန့်ကြာမြင့်လာပြီဖြစ်တဲ့ ကျင်ဒွေးမြို့တိုက်ပွဲအတွင်း ဒေသခံအားလုံး စစ်ဘေးရှောင်နေရပြီး အရေးပေါ်အကူညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။