ရှမ်းတောင်၊ ညောင်ရွှေမြို့နယ်၊ ကျားတွန်ရွာက စျေးသည် တောင်ရိုးလူငယ် ၂ ဦးကို ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့မှာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ ကျားတွန်ရွာက ဆိုင်ကယ်စျေးသည် လူငယ် ၃ ဦးအနက် ၁ ဦးမှာ ထွက်ပြေးလွတ်မြောက်လာပေမယ့် ၂ ဦးကတော့ အသတ်ခံလိုက်ရတာလို့ သိရပါတယ်။
ကျားတွန်ကျေးရွာက အသတ်ခံရတဲ့ ဆိုင်ကယ်စျေးသည် မိုးထက်၊ ကျော်လွင်ဦးနဲ့ ထွက်ပြေးလွတ်မြောက်ခဲ့သူ တစ်ဦးတို့ဟာ ရွာစဉ်လိုက်စျေးရောင်းစဉ် ဇွန်လ ၁၄ ရက်က လွယ်ထွဲကျေးရွာကိုရောက်ရှိခဲ့တာမှာ အဲဒီရွာစခန်းချ PNO ပြည်သူ့စစ်က လိုက်လံဖမ်းဆီးရာမှာ မိုးထက်နဲ့ ကျော်လွင်ဦးတို့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဇွန်လ ၂၀ ရက်နေ့မှာတော့ ပစ်သတ်ခံလိုက်ရတယ်လို့ သိရပါတယ်။
မိသားစုတွေက အဖမ်းဆီးခံထားရတဲ့ သတင်းအရ လွယ်ထွဲရွာကိုလိုက်သွားရာမှာ အသတ်ခံရပြီး မြုပ်နှံထားတဲ့ အလောင်းတွေကိုသာတွေ့ခဲ့ရတယ်လို့ သိရပါတယ်။ ရွာသားတွေရဲ့ပြောပြချက်အရ PNO ပြည်သူ့စစ်က ဗိုလ်မှူးနှောင်းဆိုသူရဲ့ ကွန်မန်ဒိုပျောက်ကျားတပ်က မိုးထက်နဲ့ကျော်လွင်ဦးကို ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီးမှ ပစ်သတ်လိုက်တာြဖစ်ကြောင်းသိရပါတယ်။
အဆိုပါ လွယ်တွဲကျေးရွာဟာ ဆီဆိုင်မြို့ရဲ့ အရှေ့ဖက် မိုင် ၁၀ မိုင်ကျော်ခန့်တွင်တည်ရှိကာ တိုက်ပွဲဖြစ်ပွားစဉ်က PNO ရင်း-၄ ရင်းမှူး၊ ယခု PNO ဒုချုပ် နေဝင်းထွန်း ဒဏ်ရာရခဲ့တဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။
ဆီဆိုင်မြို့တိုက်ပွဲအတွင်းကလည်း မြို့ကို ခေတ္တပစ္စည်းပြန်ယူတဲ့ လူငယ် ၃ ဦးကိုလည်း သတ်ဖြတ်ပြီး မြေမြုပ်ခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့တာကို မဲခေါင်သတင်းဌာနအနေနဲ့ သတင်းဖော်ပြပြီးဖြစ်ပါတယ်။