စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အခြေစိုက် ကျားသစ်နက်တပ်မတော်၊ မြိုင်တပ်ခွဲ၏ ထုတ်လုပ်ရေးစခန်း မီးလောင်ကျွမ်းမှုဖြစ်ပွားရာ ကျပ်သိန်း၂၀၀ကျော် ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။
မတ်လ ၂၃ရက် ညနေ ၃နာရီဝန်းကျင်က အမှတ်(၁)စစ်ဒေသ ၊ယင်းမာပင်ခရိုင်အမှတ်(၁၁) တပ်ရင်း (ကျားသစ်နက်) တပ်ခွဲ(၄) ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲ၏ ထုတ်လုပ်ရေးစခန်း ဝါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့ကြောင်း ယင်းတပ်ဖွဲ့တာဝန်ခံ ကိုဥက္ကာက ပြောသည်။
“ဂဟေပုံးကနေ ဝါယာရှော့ဖြစ်ပြီး လောင်သွားတာပါ။ ရှေ့တန်းကို ရဲဘော်တွေပို့ထားရတာရယ် သင်တန်းတွေ စေလွှတ်ထားရတာကြောင့် နောက်ချန်အင်အားနည်းနေချိန်မို့ ဘယ်လိုမှမီးမသတ်နိုင်လိုက်ဘူး။”ဟု ကိုဥက္ကာက ပြောသည်။
မီးလောင်မှုကြောင့် စခန်းရှိ ဂဟေပုံး (၄)ပုံး၊ကျောက်စက်အကြီးအသေး၊ ဖောက်စက်အကြီးအသေး၊ မီးစက်၊ ရေတင်မော်တာ၊ Rockets အဖူး(၄၀)၊ ယမ်းစို (၂) ဖာ၊ မီးမိန်းခုံ ရေမော်တာ၊ ဝါယာကြိုး၊ ပိုက်၊ ဆားယမ်း၊ အဖူး၅၅ဖူး အစရှိသည့်ပစ္စည်းများ မီးထဲပါသွားပြီး စုစုပေါင်းကျပ်သိန်း ၂၂၀ခန့် ဆုံးရှုံးခဲ့ကြောင်း ကျားသစ်နက်တပ်မတော်က အသိပေးသည်။
“ပြန်လည်တည်ထောင်ဖို့ တော်တော်ရုန်းကန်ရဦးမယ်။ ဒီလို ခက်ခဲနေတဲ့ကာလမှာ ပြည်သူတွေရဲ့ ချွေးနဲ့ ရင်းပြီးလှူထားတဲ့ ငွေတွေနဲ့ တည်ထောင်ထားတာကို အခုလိုဖြစ်သွားတော့ တကယ်ကို ခံစားရပါတယ်။ ပြည်သူတွေကိုလည်းတောင်းပန်ပါတယ်။”ဟု ကိုဥက္ကာက ပြောသည်။
ထို့ကြောင့် တော်လှန်ရေးဆက်လုပ်နိုင်ရန် ပြည်သူများက ဝန်းရံ ထောက်ပံ့ပေးကြပါရန် ကျားသစ်နက်တပ်မတော်က မေတ္တာရပ်ခံထားသည်။