မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ထဲမှာ မေ ၂၅ ရက် ညပိုင်းက ဆက်သွယ်ရေးလမ်းပိုင်း ဖျက်ဆီးဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်ခဲ့ပါတယ်။
ကျိုက်ထိုမြို့နယ်ထဲက သုံးခွကျေးရွာအုပ်စုနဲ့ ဝင်းကံကျေးရွာ အုပ်စုကြားမှာရှိတဲ့ လမ်းကို ဖျက်ဖို့ မြေတူးစက်တွေ အပါအဝင် မြေသယ်ကားတွေနဲ့ တက်လာတဲ့ အင်အား ၇၀ ကျော် ပါဝင်တဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနောက်မှာတော့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ည ၉ နာရီကနေ ၁၁ နာရီအထိ လက်နက်ကြီးနဲ့ပစ်ခတ်တာ အချက် ၃၀ ကျော်လောက်ရှိတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့နေရာမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေး ကင်းတဲတခု မီးရှို့ခံခဲ့ရပြီး တိုက်ပွဲဖြစ်ပွားတဲ့နေရာမှာ သွေးတွေတွေ့ရပေမဲ့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ စာရင်းကိုတော့ အတိအကျ မသိရသေးဘူးလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ကျိုက်ထိုမြို့နယ်ထဲမှာရှိတဲ့ စစ်ရေးအရ အရေးပါတဲ့ လမ်းပိုင်းနေရာတွေကို စစ်ကောင်စီတပ်က မေ ၁၉ ရက်ကစပြီး သွားလာလို့မရအောင် ဖျက်ဆီးနေတာဖြစ်ကာ ဖျက်ဆီးခံရတဲ့လမ်းပိုင်း စုစုပေါင်း ၅ နေရာရှိပြီလို့လည်း သိရပါတယ်။