မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းက လက်နက်ကြီး လက်နက်ငယ် တွေနဲ့ ပစ်ခတ်လို့ ၅တန်းကျောင်းသူတစ်ဦး သေဆုံးပြီး ဒေသခံနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU(ဗဟို)က မနေ့ ဒီဇင်ဘာ ၃၀ ည က ထုတ်ပြန်လိုက်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်၊ တပ်မဟာ (၁)၊ ကျိုက်ထိုမြို့နယ်မှာ ဒီဇင်ဘာလ ၂၄ ရက် မနက် ၁၀ နာရီခလောက်က သထုံမြို့ကနေ ကျိုက်ထိုမြို့ကို မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စီးနင်းလိုက်ပါလာတဲ့ စစ်ယာဉ်တန်းက ဒေသခံပြည်သူ နေထိုင်ရာနေရာတွေကို လက်နက်ကြီး လက်နက်ငယ်များနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာကြောင့် ချောင်းပြန့် ကျေးနယ်၊ ဝင်းပြန်ရွာနေ အသက် ၁၄နှစ် အရွယ် (၅)တန်းကျောင်းသူတစ်ဦး လည်ပင်း ကျည်ထိမှန်ကာ နေရာမှာပင် သေဆုံးခဲ့ပြီး အလူးကျေးနယ်၊ သပြေနီရွာနေ ဒေသခံပြည်သူနှစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် သပြေနီရွာနေ ဒေသခံပြည်သူပိုင်တဲ့ အိမ်စျေးဆိုင်ကို လက်နက်ကြီးထိမှန် ပေါက်ကွဲကာ အိမ်စျေးဆိုင်မီးလောင်ပြာကျပြီး ငွေကျပ် တန်ဖိုး သိန်း (၃၀)ကျော် ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
ကျိုက်ထိုမြို့နယ်၊ အလူးကျေးနယ်အတွင်းက ဒေသခံပြည်သူ နေထိုင်ရာ နေရာတွေထဲကို အာဏာသိမ်း စစ်ကောင်စီတပ်တွေက မကြာခဏ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသလုပ်ငန်းခွင်တွေ အိမ်မွေး တိရိစ္ဆာန်တွေ လူနေအိမ်နဲ့ သာသနာ့ပိုင် အဆောက်အဦးတွေ ထိခိုက်ပျက်စီး ဆုံးရှုံးမှုရှိနေတယ်လို့ ဆိုပါတယ်။
သေဆုံးခဲ့ရတဲ့ ၅တန်းကျောင်းသူ ကလေးငယ်ရဲ့ မိဘတွေက အထပ်သားစက်ရုံမှာ လခစားဝန်ထမ်းတွေဖြစ်ပြီး ကျောင်းပိတ်ရက်မှာ မိဘရဲ့အလုပ်ကို ဝိုင်းကူလုပ်နေကျအတိုင်း ကွင်းထဲမှာ အထပ်သား လှန်းနေချိန်မှာပဲ ဒီဇင်ဘာ ၂၄ရက် မနက် ၁၀နာရီ ဝန်းကျင်လောက်က သထုံမြို့ဖက်ကနေ ဆင်းလာပြီး အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းက တစ်လမ်းလုံး လမ်းဘေးတစ်လျှောက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝဲ၊ ယာ မြင်သမျှ လိုက်ပစ်လာတာကြောင့် လည်ပင်းကျည်ထိပြီး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ဒေသခံအမျိုးသမီး နှစ်ယောက်လည်း လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရခဲ့ကြောင်း ကျိုက်ထို မြို့နယ်၊ အလူးကျေးနယ် အတွင်းရေးမှူးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ထုတ်ပြန်ချက်မှာ ပုံနဲ့တကွ ဖော်ပြထားပါတယ်။