မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်နှင့် ရွှေစေတီငွေစေတီကုန်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း ABSDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် ABSDFနှင့် KNU ၊ KRF တောကျီးကန်း ပူးပေါင်းစစ်ကြောင်းသည် မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်နှင့် အကြမ်းဖက် စစ်တပ်က ခံစစ်ကုန်း ဆင်ထားသော ရွှေစေတီငွေစေတီကုန်းကို ၄၀ မမ ၁၄ လုံး ၊ ၆၀ မမ ၆ လုံး Drone ဗုံး ၁ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ရဲမှူး ၁ ဦး၊ တပ်ကြပ် ၁ ဦး၊ တပ်သား ၁ ဦး နှင့် ရဲ ၂ ဦး သေဆုံးခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့က မွန်းလွဲ ၁၂ နာရီ ခန့်တွင် အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“ရဲမှူးကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦး၊ စစ်သား ၁ ဦးနဲ့ ရဲ ၂ ဦးပွဲချင်းပြီး သေတယ်။ ရန်သူ ထိခိုက်မှုကတော့ အတော်များတယ်။ ကားလမ်းမကို ၁ နာရီကျော်လောက် ပိတ်ပြီး အရေးပေါ်ကား ၃ စီးနဲ့ ကျိုက်ထိုကို သယ်သွားတယ်” ဟု ABSDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။