မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရွှေ KTV ပိုင်ရှင် BGF ဗိုလ် စောနန်းဦးသည် အောက်တိုဘာ ၁၅ ရက် ညနေပိုင်းတွင် အသတ်ခံရကြောင်း Kyaikkhto Information Organization မှ တာဝန်ရှိသူနှင့် ဒေသပြည်သူများထံမှ သိရှိရသည်။
စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF ဗိုလ် စောနန်းဦး မှာ ဘယ်သွားသွားသေနတ်အမြဲဆောင်လေ့ရှိသူဖြစ်ပြီး အင်္ဂဘိုကျေးရွာရှိ ၎င်း၏ ဇနီးနေအိမ်သို့ သွားရောက်စဥ် အသတ်ခံရခြင်းဖြစ်ပြီး စီးပွားရေးကိစ္စနှင့် ပတ်သက်၍ ပစ်သတ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
“သိရသလောက် ပုဂ္ဂိုလ်ရေး စီးပွားရေးနဲ့ပတ်သက်တာတဲ့။ တော်လှန်ရေးအဖွဲ့တွေ မဟုတ်ဘူးတဲ့ ။ အဲဒီလို သိရတယ်”ဟု Kyaikkhto Information Organization မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
BGF ဗိုလ်စောနန်းဦးသည် အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်း၍ စီးပွားရှာနေသူ ဖြစ်ပြီး ၎င်းပိုင်ဆိုင်သည့် ရွှေ KTV တွင် တော်လှန်ရေး UG အချို့ ပစ်သတ်ခံရသည့် ဖြစ်စဥ်များရှိခဲ့ကြောင်းလည်း ဒေသပြည်သူများထံမှ သိရှိရသည်။