မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ပေါ် ကျိုက်ထိုကားလမ်းမကြီးဘေး ကံ့ကော်ရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီရဲ့ အင်းဝဘဏ်ဟာ ဒီကနေ့ ဇန်နဝါရီ ၁၂ ရက် နေ့လယ်ပိုင်းလောက်က မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ မြို့ခံတစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။
“၁၂ နောက်ပိုင်းလောက်က အသံအကျယ်ကြီးကြားလိုက်ရတယ်၊ လူအထိအခိုက်ကတော့ မသိဘူး” လို့ သူကပြောပါတယ်။
ဘယ်အဖွဲ့ကလုပ်ဆောင်သလဲဆိုတာကိုတော့မသိရဘူးလို့ မြို့ခံတချို့ကပြောပါတယ်။
ဒေသအခြေစိုက်မီဒီယာတချို့ကတော့ အိမ်စီးကားနဲ့လူတစ်စုက ဘဏ်ကိုလာပြီး လက်လုပ်မိုင်းအပါအဝင် လက်နက်ငယ်တွေ အသုံးပြုတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားကြပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီရဲ့ ဘဏ်လုံခြုံရေးယူပေးနေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ဘဏ်ဘေးမှာရှိတဲ့ ရွှေဆိုင်ဝန်ထမ်း ၁ ဦး ထိခိုက်ဒဏ်ရာရှရှိခဲ့တာကြောင့် ကျိုက်ထိုပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ဆိုပါတယ်။
ပစ်ခတ်မှုပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျိုက်ထိုမြို့ထဲ သွားလာနေတဲ့ ဆိုင်ကယ်တွေကို တားဆီး စစ်ဆေးမေးမြန်းနေတာ တွေရှိတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။