မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးဘုရား တောင်ခြေရှိ ရွာချင်းဆက်လမ်းကို အကြမ်းဖက် စစ်တပ်က ဘက်ဟိုးဖြင့် ဖျက်ဆီးခဲ့ကြောင်း Kyaikhto Information Organization အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မေလ ၁၉ ရက်နေ့ ည ၇ နာရီခန့်တွင် ကျိုက်ထီးရိုးဘုရားတောင်ခြေရှိ ကင်မွန်းချောင်ကျေးရွာနှင့် ဆောင်နိုင်ကြီးကျေးရွာတို့ကို ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းကို အကြမ်းဖက်စစ်တပ်က ဘက်ဟိုးများဖြင့် လာရောက် ဖျက်ဆီး သွားခြင်းဖြစ်ကြောင်း သိရသည်။
” ခွေးတွေက ၅ ခွဲလောက်မှာ လက်နက်ကြီး ၁ ချက်ပစ်ပြီးတော့ ၇ နာရီလောက်မှာ လာဖျက်သွားတာ။ လမ်းက အနက် ၆ ပေလောက်ရှိမယ်။ ဂေါ်တစ်ပြားစာပဲ။ ဘက်ဟိုးဂေါ်က အကြီးကြီးပဲလေ။ အခု ရွာသားတွေ သွားလာရေး ခက်ခဲကုန်တာပေါ့ ” လို့ ဒေသပြည်သူတစ်ဦးမှ ပြောကြားသည်။
အကြမ်းဖက် စစ်တပ်သည် လက်နက်ကြီးဖြင့် ဆောင်နိုင်ကြီးကျေးရွာဘက်သို့ မေလ ၁၉ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်တွင် တစ်ချက်ပစ်ခတ်ပြီး ည ၇ နာရီလောက်တွင် ဘက်ဟိုးများဖြင့် လမ်းကို ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း၊ ဖျက်ဆီးခံရသည့် လမ်းအနက်သည် ၆ ပေခန့်ရှိပြီး ဂေါ်တစ်ပြားစာဖြင့် မြန်မြန်ဖျက်ဆီးသွားကြောင်း သိရှိရသည်။
“လောလောဆယ် အဲဒီတစ်လမ်းပဲ။ ကရင်ပြည်နယ်ဘက်မှာလည်း ဖျက်ထားသေးတယ်။ လက်နက်ကြီးနဲ့ပစ်တာတော့ ထိတယ်အသံမကြားဘူး”ဟု Kyaikhto Information Organization မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောကြားသည်။
ကျေးရွာချင်းဆက်လမ်းကို ဖျက်ဆီးသွားသည့်အတွက် ဒေသပြည်သူများမှာ ကား၊ ဆိုင်ကယ် အသုံးပြု၍ မရတော့သည့်အတွက် သွားလာရေးတွင် အခက်တွေ့နေကြောင်း ၊ အကြမ်းဖက်စစ်တပ်သည် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ မိုးတွင်းကာလတွင် ၎င်းတို့ကို လာတိုက်ခိုက်မည်ကို စိုးရိမ်နေသည့်အတွက် ယခုကဲ့သို့ နေရာတော်တော်များများတွင် လမ်းများကို ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။