ကရင်ပြည်နယ် ၊ ကျိုက်ဒုံဗျုဟာကုန်း စခန်းသိမ်းတိုက်ပွဲမှာ လက်နက်ချ ခဲ့တဲ့ ဗျုဟာမှူးဗိုလ်မှူးကြီး အပါအဝင် တပ်ဖွဲ့ဝင် ၆၀ ကျော်ကိုညှဉ်းပန်းနှိပ်စက်တာမရှိဘဲ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထားရှိထားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်ပါတယ်။
အမှတ် (၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ၊ အမှတ် (၃) နည်းဗျုဟာအဖွဲ့ ရဲ့ ဗျုဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုး ဦးဆောင်တဲ့ ကျိုက်ဒုံ ဗျုဟာစခန်းကုန်းကို KNU တပ်မဟာ (၆) နဲ့ပူးပေါင်းတပ်က မတ်လ ဒုတိယပတ်အတွင်း သိမ်းယူခဲ့တာပါ။
အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၁ ဦး အကျအဆုံးရှိပြီး ၄ ဦးဒဏ်ရာရကာ ဗျုဟာမှူး ဗိုလ်မှူးကြီးနဲ့ အရာရှိ ၁၂ဦးအပါအဝင် ၆၆ ဦး လက်နက်ချအညံခံခဲ့တယ်လို့ KNU က ဖော်ပြပါတယ်။
KNU နဲ့ ပူးပေါင်းတပ်ဘက်ကလည်း ၂ ဦး ကျဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ကျိုက်ဒုံ ဗျုဟာ စခန်းသိမ်းတိုက်ပွဲမှာ လက်နက်ချခဲ့တဲ့ ဗျုဟာမှူး နဲ့အရာရှိ ၁၂ ဦးအပါအဝင် ၆၆ ဦးကို လူသားချင်းစာနာထောက်ထားမှု အနေနဲ့ ညှင်းပန်းနှိပ်စက်တာမရှိဘဲ. ဘေးကင်းလုံခြုံ စွာစောင့်ရှောက်ထားတယ်လို့ KNU ပြောပါတယ်။