မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)-NMSP(AD)နှင့် စစ်ကောင်စီတပ်တို့ ယနေ့ နံနက် တိုက်ပွဲပြင်းထန်နေကြောင်း မွန်သတင်းရင်းမြစ်က ပြောသည်။
ဧပြီ ၁၉ရက် နံနက် ၇နာရီခန့်တွင် ကျိုက်မရောမြို့နယ် သံကလောင်ကျေးရွာဘက်သို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို NMSP-AD တပ်ဖွဲ့များက တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဆိုသည်။
“အခု ကျိုက်မရောဘက်မှာ တိုက်ပွဲတွေအကြီးအကျယ်ဖြစ်နေတယ်။ မနက်က ၇နာရီကနေ စကစကနေ သံကလောင်ဘက်ကို တက်လာတယ်။ သူ့အမြောက်ကားနဲ့ပေါ့။ အဲဒီမှာရှိတဲ့အဖွဲ့ ဒီ ADနဲ့ တိုက်ပွဲ အကြီးအကျယ်ဖြစ်နေတယ်”ဟု မွန်သတင်းရင်းမြစ်က ပြောသည်။
တိုက်ပွဲထိခိုက်ကျဆုံးအခြေအနေမသိရသေးဟုလည်း အဆိုပါ သတင်းရင်းမြစ်က ပြောသည်။
မွန်ပြည်သစ်ပါတီမှ ခွဲထွက်လာသည့် NMSP-ADသည် စစ်ကောင်စီကို စစ်ရေးအရ ပြန်လည်တိုက်ခိုက်တော့မည်ဖြစ်ကြောင်း ယခုနှစ် ဖေဖော်ဝါရီ ၁၄ရက်တွင် ကြေညာပြီးနောက် ဒေသတွင်း တော်လှန်ရေးအင်အားစုများဖြင့် လက်တွဲ၍သော်လည်းကောင်း၊ တစ်ဖွဲ့ချင်းအနေဖြင့်သော်လည်းကောင်း၊ စစ်ကောင်စီတပ်၊ စစ်ကောင်စီထောက်တိုင် ပြည်သူ့စစ်များကို တိုက်ခိုက်လျက်ရှိသည်။
စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင် ဟူသမျှ တိုက်ဖျက်ကာ မွန်လူမျိုးအပါအဝင် အခြားလူမျိုးများ၏ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးအပြည့်အ၀ရှိသော မွန်ပြည်ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း NMSP-ADက အသိပေးထားသည်။