မွန်ပြည်နယ်၊ ကျိုက်မရောထောင်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားတဲ့ ပုဒ်မ ၅၂ (က)ဖြင့် မတရားဖမ်းဆီး အကျဥ်းချထားတဲ့ အသက် (၃၁) နှစ်အရွယ် မီးသတ် (CDM) နိုင်ငံရေး အကျဥ်းသား ၁ ဦး ဒီနေ့မနက်မှာ ထပ်မံကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်း သားများကွန်ရက် (PPNM) မှ ဒီနေ့မှာ ထုတ်ပြန် လိုက်ပါတယ်။
လေထိုးလေအောက် ရောဂါကြောင့် ထောင်ဆေးရုံသို့ သွားရောက် ပြသခဲ့ပြီး၊ထောင်ဆေးရုံတွင် ဆေးရုံအုပ်အနားယူနေတဲ့ အတွက် တာဝန်ကျ သွားဆရာဝန်မှ ကြည့်ရှု့စစ်ဆေးကာ၊ မသက်သာ တဲ့အ တွက် ဆေး ၁ လုံးထိုးပေးခဲ့ပြီးနောက်၊၁ နာရီခန့်အကြာမှာ ပါးစပ်မှ အမြှုပ်များ ထွက်ပြီး မေ့လဲသွားခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါဖြစ်စဥ်ကြောင့် ထောင်ဆေးရုံအုပ် အရေးပေါ်ရောက်လာကာ အသက်ကယ်ဆေး (၂)လုံးထိုးပေးခဲ့ပြီး၊အရေးပေါ်အောက်စီဂျင်ပိုက် ဖြင့် ဇန်နဝါရီ ၁၆ ရက် ၊ မနက် ၁ နာရီအချိန်မှာ ထောင်ပြင်ပ ဆေးရုံကို ပို့ဆောင်ပေးခဲ့ပေမယ့်၊ ထောင်ဆေးရုံရောက်ချိန်မှာ နိုင်ငံရေးအကျဥ်းသား ကိုပြည့်ဖြိုးအောင်သည် ကျဆုံးသွားခဲ့ ရပါတယ်။
ကိုပြည့်ဖြိုးအောင်က အင်းစိန်မြို့နယ်ဇာတိ၊ မီးသတ် (CDM) ဝန်ထမ်း ၁ ဦးဖြစ်ပြီး၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ၊ သံလွင်တံတားထိပ်မှာ ၂၀၂၂ ခုနှစ်၊ ၁ လ၊ ၃ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံရပါတယ်။
၂၀၂၂ ခုနှစ်၊ ၂လ၊ ၁၄ ရက်မှာအကြမ်းဖက်စစ်ကောင်စီမှ ထောင်ဒဏ် ၇ နှစ် မတရားချမှတ်ပြီး ၊ ဘားအံ (တောင်ကလေး ထောင်)သို့ ပို့ဆောင်ကာ ၊ ၂၀၂၂ခုနှစ်၊ ၅ လ၊ ၂၂ ရက်မှာ ကျိုက်မရောအကျဥ်းထောင်သို့ ပို့ဆောင်ခြင်းခံခဲ့ရပြီး၊ ဒီနေ့မနက်မှာ ကျဆုံးခဲ့ရတာပါ။