မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ သံကလောင်ကျေးရွာ ကျောင်းထိုင် ဆရာတော်ကို အကြမ်းဖက် စစ်တပ်က စနိုက်ပါဖြင့် ပစ်သတ်ခဲ့ခြင်းကြောင့် ပျံလွန်တော်မူသွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ဧပြီလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် သံကလောင်ကျေးရွာ ကျောင်းထိုင် ဆရာတော်သည် ဆွမ်းဘုန်းပေးပြီး အပြန်၌ တရနာကျေးရွာနှင့် သံကလောင် အကြားရှိ လမ်းပိုင်းတစ်နေရာတွင် ဆရာတော်၏ ကားကို အကြမ်းဖက် စစ်သားများက စနိုက်ပါဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဆရာတော် ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တရနာနဲ့ သံကလောင် အကြားက လမ်းမကြီးမှာ ပစ်ခံထိတာ ဒီနေ့ မွန်းလွဲပိုင်းက ဖြစ်တာ ကားမောင်းရင်းနဲ့ ပစ်ခံထိတယ်လို့ ပြောတယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဆရာတော်သည် နေရာ၌ပင် ပျံလွန်တော်မူခဲ့ကြောင်း၊ ဆရာတော်၏ ရုပ်အလောင်းကို ကျိုက်မရောမြို့နယ် အလှပ်ကုန်းကျေးရွာ၌ မီးသဂြိုလ်လိုက်ကြောင်း ဒေသပြည်သူများက ဆက်လက် ပြောဆိုသည်။