ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ရဲစခန်းနှင့် ခမရ ၅၄၅ တပ်အတွင်းသို့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ခမရ ၅၄၅ တပ်ရင်းမှူး ကတော်အပါအဝင် ၄ ဦးဒဏ်ရာရှိပြီး ကားတစ်စီးပျက်စီးခဲ့ကြောင်း Galon Column – ဂဠုန်စစ် ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယမန်နေ့ ဩဂုတ်လ ၁၂ ရက် နံနက်ပိုင်းက ၇၃ နှစ်မြောက် ကရင့်အမျိုးသား အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ကျုံဒိုးရဲစခန်းအတွင်းသို့ ဗုံးသီး ၁ လုံးနှင့် ကျုံဒိုးအခြေစိုက် ခမရ ၅၄၅ တပ်ရင်းအတွင်းသို့ ဗုံးသီး ၁ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ခမရ ၅၄၅ တပ်ရင်းမှူးကတော်နှင့် တပ်သား ၃ ဦးထိခိုက်ဒဏ်ရာရရှိပြီး ကားတစ်စီးပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဗုံးသီးကတော့ ရဲစခန်းထဲတစ်လုံး၊ ၅၄၅ တပ်ထဲ တစ်လုံးပဲချတာပါ၊ ကားတစ်စီးပျက်စီးတယ်၊ စကစ တပ်သား ၃ ဦးဒဏ် ရာရတယ်၊ ၅၄၅ တပ်ရင်းမှူးကတော် ဦးခေါင်းဒဏ်ရာ ပြင်း ထန်လို့ ဆေးရုံတင် ထားရတယ်လို့ သိရတယ်၊ သူတို့ဘက်က ပြန်ပစ်တဲ့လက်နက်ကြီးထိလို့ အနီးအနားကျေးရွာက ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရတယ်၊ မစိုးရိမ်ရဘူးလို့ သိရပါတယ်” ဟု Galon Column – ဂဠုန်စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ဂဠုန်စစ်ကြောင်းမှ Spring UAV Force G3 (Fixed Wings) အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင် မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။