ကရင်အမျိုးသားအစည်းအရုံး(KNU) ကျောက်ကြီး(လယ်ဒို)မြို့နယ် အုပ်ချုပ်နယ်မြေအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက် ကြီးပစ်ခတ်မှုကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး (၁၈)နှစ်အောက်ကလေး လေးဦးအပါအဝင် ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ဟု KNUဗဟိုက ထုတ်ပြန်သည်။
KNU တပ်မဟာ(၃)နယ်မြေ လယ်ဒိုမြို့နယ်တွင် စစ်ကောင်စီ၏ ပိန်းဇလုပ်အခြေစိုက် တပ်ရင်းက ဖေဖော်ဝါရီ ၁၄ရက် ညပိုင်းတွင် လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ ကညင်ကျိုး ကျေးရွာသို့ ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးငယ် သုံးဦး အပါအဝင် ၅ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။
ထို့ပြင် ညပိုင်း၌ ခမရ(၂၆၄)တပ်က လက်နက်ကြီးဖြင့် နတ်သံကွင်းမြို့သို့ ပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် ခင်ကန့်လန့်ရွာကိုလည်း ထပ်မံပစ်ခတ်ခဲ့ရာ သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး သေဆုံးကာ (၄၄)နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးတိုက်ခိုက်မှုများအတွင်း နေအိမ်ပျက်စီးမှု အိမ်မွေးတိရိစ္ဆာန် ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း ထုတ်ပြန်သည်။
စစ်ကောင်စီအနေဖြင့် KNU နယ်မြေများရှိ ကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ ၂၀၂၃အတွင်း အရပ်သား ၂၀၀ခန့်သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိခဲ့သည်။