ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ လယ်ဒို(ကျောက်ကြီး)မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ကျေးရွာတွင်းကို ရိက္ခာပြန်ယူတဲ့ စစ်ဘေးရှောင်ပြည်သူ ၁၇ဦးကို ဖမ်းဆီးထားတဲ့ အပြင် ကျေးရွာ တွင်းကို လက်နက်ကြီး အလုံး ၃၀ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူတွေရဲ့ နေအိမ် ၁၆လုံးခန့် မီးလောင်ပျက်စီးခဲ့ရတယ်လို့ KNU(ဗဟို)က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
အနန်းဘော်ကျေးရွာမှ စစ်ဘေးရှောင်ပြည်သူ ၁၇ဦးက ဇန်နဝါရီ ၂၀ရက်၊ မနက် ၈နာရီ ၁၂မိနစ်မှာ ရိက္ခာပြန်ယူဖို့အတွက် ရွာကိုပြန်ဝင်ချိန်မှာ အနန်းဘော်ရွာ နဲ့ ကုန်းချောင်းဝ ရွာကြားတွင်ရှိနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ဖမ်းဆီးခံရသူ စုစုပေါင်း (၁၇)ဦးရှိတဲ့ အနက် ဒေသခံသားအမိနှစ်ဦး အခုအချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်တဲ့အပြင် ဖမ်းဆီးခံထားရသူတွေကိုလည်း အခုချိန်ထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ခမရ-၃၀၇တပ်ရင်းက ဇန်နဝါရီလ ၂၅ရက်နေ့ ည ၁၀နာရီ မှာ ကျောင်းစိုးကျေးရွာသို့ လက်နက်ကြီးအလုံး ၃၀ကျော် ပစ်ခတ်ခဲ့တာကြောင့် ကျောင်းစိုး ကျေးရွာမှ ဒေသခံပြည်သူတွေရဲ့ နေအိမ် ၁၆လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။