ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေး ပင်ခရိုင်၊ ကျောက်ကြီး-နတ်သံကွင်းလမ်းကြားရှိ ပြိုကျနေသော လမ်းမီးတိုင်များအား ပြန်ထူရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံအမျိုးသား(၁၇)ဦးအား ယနေ့ နံနက်ပိုင်းက ဖမ်းဆီးပြီး အကာအကွယ်အဖြစ်အသုံးပြုနေကြောင်း မြို့ခံများ၏ ပြောဆိုမှုအရ သိရသည်။
ပြီးခဲ့သည့်လပိုင်းများက စစ်ကောင်စီနှင့်နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များ၏ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုများကြောင့် ပြိုကျပျက်စီးနေသော လမ်းမီးတိုင်များအား ပြန်ထူ၍ပြုပြင်ရာတွင် အဆိုပါလမ်းပိုင်းအားဖြတ်သန်းသွားလာရမည်ဖြစ်သောကြောင့် စစ်ကောင်စီအနေဖြင့် ၎င်းတို့လုံခြုံရေးစိတ်ချမှုရှိစေရန် ထိုဒေသခံများအား ဖမ်းဆီး ခေါ်ဆောင်ထားခြင်းဖြစ်သည်ဟု ကျောက်ကြီးမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“ပထမအဖမ်းခံရတဲ့အထဲမှာ နတ်သံကွင်းမြို့ထဲက မိန်းကလေးတချို့လည်းပါတယ်။ နောက်မိန်းကလေးတွေကို ပြန်လွှတ်ပေးလိုက်ပြီးတော့ သန်သန်မာမာယောကျ်ား လေးတွေပဲ ခေါ်ထားတာ၊ တိုင်တွေဘာတွေထူတော့ ရှေ့ကနေသွားခိုင်းတယ်။ ပြင်နေ တာပြီးသလောက်တောင်ရှိတော့မယ်။ ပြင်ပြီးရင် ပြန်လွှတ်ပေးမပေးတော့ ကျနော်တို့ ဆက်စောင့်ကြည့်ရအုံးမယ်။” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့်လပိုင်းများကလည်း ကျောက်ကြီးမြို့အတွင်းရှိ ကျေးရွာနေဒေသခံများအား စစ်ကောင်စီက မဲနှိုက်ခိုင်း၍ အဆိုပါလမ်းပိုင်းဆိုင်ရာ ပြုပြင်ရေးတွင် ပါဝင်စေ သော်လည်း တိုက်ပွဲမကြာခဏဖြစ်ပွားသည့်နေရာဖြစ်သည့်အတွက် သွားလာရဲသူမရှိသောကြောင့် ယခုလိုအတင်းအကြပ်ဖမ်းဆီးကာ စေခိုင်းခြင်းဖြစ်လာသည်ဟု ဒေသခံများကပြောသည်။
၎င်းအပြင် ယမန်နေ့နံနက်ပိုင်းကလည်း နတ်သံကွင်းစစ်ဆေးရေးဂိတ်တွင် ဖြတ်သန်း သွားသမျှ လူနှင့်မော်တော်ယာဥ်များအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးရေး ပိုမိုတင်းကြပ်လုပ်ဆောင်ခဲ့သေးကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။
ယခုရက်ပိုင်းအတွင်း နတ်သံကွင်းတွင် စစ်ကောင်စီတပ်များ အင်အားတိုးချဲ့ခြင်း များရှိ နေပြီး စစ်ကြောင်းထိုးလာခြင်းများရှိမည်စိုးသဖြင့် ဒေသခံအများစုမှာ ညဘက်နေအိမ် ပြန်မအိပ်ရဲဘဲ သတိဖြင့်နေထိုင်နေရသလို ယခုနှစ်ဧပြီလနှင့် မေလအတွင်း ညောင်လေးပင်ခရိုင်တွင် စစ်ဘေးရှောင်ဦးရေ သိန်းချီရှိလာ၍ စားနပ်ရိက္ခာနှင့် ဆေးဝါးလုံလောက်မှု ဆက်လက်မြင့်မားနေဆဲဖြစ်ကြောင်း ကရင်လူမှုရေးရာကော် မတီထံမှ သိရသည်။
အလားတူ မုန်းမြို့နယ်တွင်လည်း မေလ(၁၆)ရက်နေ့က စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာ(၉)ရွာမှ ဒေသခံ ၁၃,၀၀၀(တစ်သောင်းသုံး ထောင်) ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို တမာခေါကျေးရွာနှင့် တောင်စုအနောက်ခြမ်းကျေးရွာများသို့ စစ်ကောင်စီတပ်များ စစ်ကြောင်း ထိုးဝင်ရောက်လာပြီး အရပ်သားနှစ်ဦးအား လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ် ဆောင်သွားခဲ့သေးကြောင်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။