မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ ၈၆ လမ်း၊ ၂၁ လမ်းနဲ့ ၂၂ လမ်းကြားရှိ စစ်မှုထမ်းဟောင်းရုံး အရှေ့မှာ ရပ်ထားတဲ့ ကားတစ်စီးကို အမျိုးသား ၂ ဦးက လက်ပစ်ဗုံး ပစ်သွင်းလို့ ကားပျက်စီးခဲ့ပေမယ့် လူထိခိုက်မှု မရှိဘူးလို့ ဒေသခံတွေက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဒီကနေ့ မေလ ၁၀ ရက်၊ မနက် ၁၁ နာရီ ဝန်းကျင်က ကျောက်ဆည်ခရိုင် အုပ်ချုပ်ရေးမှူးနဲ့ ဇနီးဖြစ်သူတို့ စီးလာတဲ့ကား ဗုံးပစ်တိုက်ခိုက် ခံရတာဖြစ်ပြီး လင်မယား ၂ ယောက် ထိခိုက်တာ မရှိဘူးလို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။
“သူတို့ လင်မယား နှစ်ယောက်က ကားပေါ် မရှိလို့ လွတ်သွားတာ ဖြစ်မယ်။ ကားကတော့ ဗုံးနဲ့ အပစ်ခံရတော့ ပျက်စီးသွားတယ်။ ခုတော့ စစ်ကားတွေ ရောက်ပြီး စစ်ဆေးနေတာတွေရှိတယ်” လို့ သူကပြောပါတယ်။
ဗုံးပေါက်ကွဲမှု ဖြစ်ပွားတဲ့ နေရာကို စစ်ကောင်စီတပ်တွေ လာရောက် စစ်ဆေးနေပြီး အဆိုပါ တိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ် ဆိုတာကိုတော့ သတင်းထုတ်ပြန်တာတွေ မရှိသေးပါဘူး။