မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ရှိ ပြည်ခိုင်ဖြိုးပါတီရုံး၌ စစ်ကောင်စီတပ်နှင့်ပျူစောထီးများ အစည်းအဝေးပြုလုပ်နေချိန် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Kyaukse Revolution Army-KRA အဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့ (နိုဝင်ဘာ၂၄ ရက်) နေ့လယ် ၂ နာရီခွဲခန့်က ကျောက်ဆည်မြို့၊ အောက်ချိုင်းရပ်ကွက်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးအတွင်း အစည်းအဝေးလုပ်နေချိန် အနီးကပ်သွားရောက်၍ လက်ပစ်ဗုံးတစ်လုံးပစ်ကာ တိုက်ခိုက်ခဲ့ကြောင်း Kyaukse Revolution Army-KRA တပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံကိုအောင်က ပြောသည်။
လက်ပစ်ဗုံးသည် ရုံးအပေါက်ဝရှိ အရပ်ဝတ်လုံခြုံရေးယူနေသူတစ်ဦးအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ဒဏ်ရာရသူတစ်ဦးအား ကားတစ်စီးဖြင့် လာရောက်သယ်ဆောင်သွားကြောင်း KRAက အသိပေးသည်။
အဆိုပါ စစ်ဆင်ရေးအား Kyaukse Revolution Army K.R.A နှင့် Kyakuse District Defense Force(K.D.D.F)အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
KRAအဖွဲ့သည် နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းကလည်း ကျောက်ဆည်ခရိုင်တရားရုံးအတွင်းသို့ လက်ပစ်ဗုံးတစ်လုံး အနီးကပ်ပစ်သွင်းကာ တိုက်ခိုက်ခဲ့ရာ တရားသူကြီးထိခိုက်ခဲ့သေးသည်။