ရခိုင်ပြည်နယ်၊ကျောက်တော်မြို့အခြေစိုက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း-ခမရ ၅၃၉ သည် တပ်ရင်းမှူးဦး ဆောင်ပြီး တစ်ရင်းတစ်ရင်းလုံး အလံဖြူထောင်ကာ ရက္ခိုင့်တပ်တော် AA ထံ လက်နက်ချလိုက်သည်။
ယနေ့ (ဇန်နဝါရီ ၁၆ရက်) နံနက် ၁၁ နာရီခန့်တွင် လက်နက်ချခြင်းဖြစ်သည်။
“မနေ့ကတည်းက ဝိုင်းပိတ်ထားတာ။ ဒီမနက် ပွဲကြမ်းတော့မှ မပစ်ပါနဲ့တောင်းပန်ပြီး အလံဖြူထောင်တာ” ဟု AA နှင့် နီးစပ်သည့် သတင်းရင်းမြစ်ကပြောသည်။
” ၅၃၉ တပ်၊ တပ်ရင်းမှူး အပါအဝင် တစ်တပ်လုံး အလံဖြူထောင် လက်နက်ချပါတယ်” ဟုအခြား AA သတင်းရင်းမြစ်တစ်ဦးကလည်း အတည်ပြုသည်။
အလင်းဝင်လာသူ အရေအတွက်ကို အသေးစိတ် မသိရသေးပေ။
People’s Spring ကရရှိသော ရုပ်သံမှတ်တမ်းတွင် စစ်သားမိသားစုဝင်များ အပါအဝင် စစ်သားအများအပြားက လက်နက်ချသည်ကိုတွေ့ရသည်။ ၂ မိနစ်ခန့်ရှိသောရုပ်သံမှာဆက်သွယ်ရေးအခပ်အခဲကြောင့် ၁ မိနစ်ခန့်သာ ကြည့်ရှုရသေးပြီး ထိုရုပ်သံဖြတ်ပိုင်းအတွင်းမှာပင် စစ်ကောင်စီတပ်သားနှင့် မိသားစုဝင်အများအပြား လက်နက်ချသည်ကိုတွေ့ရသည်။ ရုပ်သံဖိုင် အပြည့်အဝ ရရှိလျှင် ဆက်လက်ဖော်ပြပေးပါမည်။
စစ်ကောင်စီတပ်သားများ အသက်မသေလိုပါက စောစောစီးစီး အလံဖြူထောင်ပြီး လက်နက်ချရန် ရက္ခိုင့်တပ်တော်(AA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဇန်နဝါရီလ ၁၅ ရက်၌ သတိပေးခဲ့သည်။