ရခိုင်ဒေသ၊ ကျောက်တော်အခြေစိုက် စစ်ကောင်စီ၏ ခမရ (၃၇၄)၊ ခမရ (၃၇၅) ၊ ခမရ (၃၇၆) နှင့် တပ်မဌာနချုပ် စကခ (၉) တို့ကို ရက္ခိုင့်တပ်တော်မှ အပြီးသတ် တိုက်ခိုက်ချေမှုန်းပြီးနောက် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းမီးကျောက်များကို AA က ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ထုတ်ပြသည်။
ကျောက်တော် အခြေစိုက်စစ်ကောင်စီတပ်၏ အမှတ် ၃၇၇ အမြောက်တပ်ရင်းကို ဇန်နဝါရီလ ၁၄ ရက်နေ့တွင် လည်းကောင်း၊ ခမရ ၅၃၉ တပ်ရင်းကို ဇန်နဝါရီလ ၁၆ ရက်နေ့တွင်လည်းကောင်း ရက္ခိုင့်တပ်တော်မှ အပြီးသတ် သိမ်းပိုက်ရရှိခဲ့သည်။
ဇန်နဝါရီလ ၃၀ ရက်နေ့ စစ်ကောင်စီ၏ စကခ ၉ လက်အောက်ခံ ကျောက်တော်အခြေစိုက် ခမရ ၃၇၄ တပ်ရင်းတစ်ခုလုံးကို စစ်ကောင်စီ၏ လေကြောင်း အဆက်မပြတ် မရပ်မနား ပစ်ခတ်တိုက်ခိုက်နေသည့်ကြားမှ AA က သိမ်းပိုက် ရရှိခဲ့သည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန် ကျောက်တော်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ စကခ ၉ လက်အောက်ခံ ခမရ ၃၇၆ တပ်ရင်း တစ်ရင်းလုံးကို ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။
ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျောက်တော်ရှိ တပ်စခန်းများအားလုံးကို AA က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA ထုတ်ပြန် ကြေညာသည်။