လောင်းလုံးမြို့နယ်အောက်ပိုင်းက ကျောက်နီမော်ရွာမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဒီနေ့မနက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
တိုက်ခိုက်ခံရတဲ့နေရာဟာ ကျောက်နီမော်ရွာက စက်ရုံအဟောင်းမှာ အင်အား ၂၀ ကျော်လောက်နဲ့ အထိုင်ချတပ်စွဲထားတဲ့စခန်းဖြစ်ပြီး မနက် ၅ နာရီလောက်ကစလို့ ၈နာရီခွဲလောက်အထိ သုံးနာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။
“စခန်းကိုဝိုင်းပြီးတခါတည်းဝင်စီးတာ။ အဝေးကပစ်တာမျိုးပဲ မဟုတ်ဘူး။ တိုက်ပွဲကတော်တော်ကိုကြမ်းတယ်” လို့ ကျောက်နီမော်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေချိန် မနက် ၈ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်က ရေတပ်စစ်သင်္ဘောရောက်လာပြီး စက်လက်တွေ၊ လက်နက်ကြီးတွေနဲ့ လာရောက်ပစ်ကူခဲ့တယ်လို့လည်း ဒေသခံကပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေဘက်က သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်နဲ့နီးစပ်သူတွေကပြောပေမဲ့ အသေးစိတ်ကိုတော့ အတည်ပြုနိုင်တာမရှိသေးပါဘူး။
တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီတပ်သားနဲ့ပျူစောထီးတွေ သူတို့တပ်စွဲထားတဲ့ စခန်းကိုစွန့်ခွါထွက်ပြေးမှု ရှိ၊ မရှိနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က စခန်းထဲကိုဝင်ရောက်စီးနင်း၊ သိမ်းပိုက်နိုင်ခြင်း ရှိမရှိကိုတော့ အခုအချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဒါ့အပြင် အဲဒီစခန်းကို ဘယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကသွားရောက်တိုက်ခိုက်ခဲ့တယ်ဆိုတာကိုလည်း မသိသေးပါဘူး။
တိုက်ပွဲကြောင့် ဒေသခံတွေ နေအိမ်မှာပဲပုန်းခိုတာနဲ့ နီးစပ်ရာထွက်ပြေးတိမ်းရှောင်တာတွေရှိပေမဲ့ အရပ်သားထိခိုက်တာမျိုးကိုတော့ မကြားရဘူးလို့ ဒေသခံက ပြောပါတယ်။
ကျောက်နီမော်ပျူစောထီးစခန်းဟာ ထားဝယ်ဒေသမှာထင်ရှားတဲ့ မြတ်ရှင်မော်ဘုရားကို သွားတဲ့လမ်းပေါ်မှာရှိပြီး စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက ဂိတ်ချပြီး အရပ်သားတွေကို စစ်ဆေးတာတွေပြုလုပ်နေတဲ့နေရာ ဖြစ်ပါတယ်။
လောင်းလုံးအောက်ပိုင်းကို ရေကြောင်းက လာရောက်တဲ့ စစ်ကောင်စီလှေတွေနဲ့ သင်္ဘောတွေဟာလည်း အဲဒီစခန်းအနီးမှာ ကမ်းကပ်ပြီး မြို့နယ်အတွင်း စစ်ကြောင်းထိုးတာတွေလုပ်ဆောင်နေပါတယ်။