မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင်းရှိ ကျေးရွာများမှ အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက ကျေးရွာအတွင်းရှိ လူငယ်များကို လိမ်လည်၍ ပြည်သူ့စစ်သင်တန်းကို ပို့ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
လူငယ်များကို လိမ်လည်၍ ပြည်သူ့စစ်သင်တန်းသို့ ပို့နေသည့် အုပ်ချုပ်ရေးမှူးများမှာ ငါးရှန်တောင်ရွာ၊ ကျွဲတလင်းရွာ၊ ရေးဆုံးရွာတို့မှ အုပ်ချုပ်ရေးမှူးများဖြစ်ကြောင်း သိရှိရသည်။
ငါးရှန်တောင်ကျေးရွာ၏ အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး ကွာတားမှ လူငယ် ၁၂ ဦး၊ ကျွဲတလင်းကျေးရွာ၏ အုပ်ချုပ်ရေးမှူး ရဲစိန် မှ လူငယ် ၅ ဦး၊ ရေးဆုံးရွာ၏ အုပ်ချုပ်ရေးမှူး ဘိုဦး မှ လူငယ် ၅ ဦးကို လိမ်လည်၍ စစ်တပ်၏ ပြည်သူ့စစ်သင်တန်းသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စစ်တပ်ခန့်တဲ့ အုပ်ကြီးတွေက လိမ်ခေါ်ပြီး ပြည်သူ့စစ်ထဲပို့တာ ရွာအုပ်ကြီးက ဘာမှမဖြစ်ဘူး လိုက်ခဲ့ကြဆိုပြီး လူငယ်တွေကို ညာခေါ်ပြီး စစ်တပ်ထံ အပ်နှံခဲ့တယ်။ လူငယ်တွေရဲ့ မိဘတွေက စနေနေ့မှ အဖြစ်မှန် သိကြရပြီး စိတ်ပူကြပါတယ်” ဟု ဒေသ ပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောပြသည်။
အကြမ်းဖက် စစ်တပ်၏ ပြည်သူ့စစ် သင်တန်းကို တက်ရောက်ရန် ကျေးရွာများအတွင်းရှိ ပြည်သူများကို အုပ်ချုပ်ရေးမှူးများက လိုက်လံ ခေါ်ဆောင်သော်လည်း တက်ရောက်မည့်သူ မရှိသောကြောင့် အုပ်ချုပ်ရေးမှူးများက လိမ်လည်၍ သင်တန်းပို့နေခြင်းဖြစ်ကြောင်း သိရှိရသည်။
“ရွာတွေကို ခေါ်နေတာ တက်သူမရှိလို့ စစ်တပ်က စိတ်ဆိုးသွားတယ်။ နောက်တစ်ခေါက်လာရင် ဒီလိုမလာတော့ဘူးလို့ ခြိမ်းခြောက်သွားတယ်။ သင်တန်းသွားတဲ့ လူငယ်တွေကတော့ ရွာပြန်ရောက်ကြတယ်” ဟု ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။