ရခိုင်ပြည် ကျောက်ဖြူမြို့နယ် ကုလာဘာကျေးရွာမှ အပြစ်မဲ့ အရပ်သား အမျိုးသား ၄ ဦးကိုယမနေ့ မတ်လ ၂၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးသွားပြီး တစ်ဦးမှာ လည်ပင်းဒဏ်ရာ အများအပြားဖြင့် ပြန်လွတ်လာကြောင်း သတင်းရင်းမြစ်က ပြောသည်။
ဖမ်းဆီးခံရသူများမှာ ကုလာဘာကျေးရွာဒေသခံ အသက် ၄၅ နှစ်အရွယ် ဦးဆူမောင်၊ အသက် ၃၅ နှစ်အရွယ် ဦးစိုးသိန်းနိုင်၊ အသက် ၃၃ နှစ်အရွယ် ဦးကျော်ကျော်နှင့် အသက် ၂၇ နှစ်အရွယ် ကိုအောင်နိုဝင်းတို့ဖြစ်ကြသည်။
၎င်းတို့ကို ယမန်နေ့ နံနက် ၈ နာရီခန့်က ကုလာဘာကျေးရွာအနီး ဝါးတောင်ရှိ စစ်ကောင်စီတပ်သား ၁၀၀ ခန့်က ဖမ်းဆီးခဲ့ကြခြင်းဖြစ်သည်။
သတင်းရင်းမြစ်တစ်ဦးက ” ဦးဆူမောင်ဆိုရင် လည်ပင်းမှာ ရိုက်နှက်ခံရတဲ့ ဒဏ်ရာ ၁၀ ချက်ကျော်ရှိတယ်။ သူ့ကို မိနစ် ၂၀ ကြာအောင် နေပူထဲမှာ ထိုင်ခိုင်းထားတယ်။ ပြီးတော့ သူ့မှာပါလာတဲ့ ခရမ်းသီး၊ ငရုပ်သီးတွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ယူသွားတယ်။ နေ့လယ် ၁၂ နာရီလောက်မှာ ဦးဆူမောင်ကို ရွာကို ရောက်တဲ့အထိ နောက်ပြန်မကြည့်နဲ့ဆိုပြီး ဒဏ်ရာတွေနဲ့ ပြန်လွှတ်ပေးလိုက်တယ်။ ကျန်တဲ့သူတွေကိုတော့ အခုအချိန်အထိ ပြန်မလွှတ်ပေးသေးဘူး။ ” ဟု ပြောသည်။
မိသားစုဝင်များမှာ စစ်ကောင်စီတပ်သားများက မည်ကဲ့သို့ ဖမ်းဆီးသွားခြင်းမသိရကြောင်းနှင့် စစ်မှုထမ်းခေါ်သွားမည်ကို စိုးရိမ်နေကြသည်။
ဦးစိုးသိမ်းနိုင် မိသားစုဝင်တစ်ဦးက ” အရမ်းစိုးရိမ်တာပေါ့။ စစ်ကောင်စီတပ်သားတွေက ကျနော်တို့ ဒေသခံတွေကို လူမဆန် ဆက်ဆံကြတာ။ အသက်အန္တရာယ်ရှိနိုင်တဲ့အထိ ရိုက်နှက်တာတွေရှိတယ်။ အခုက စစ်မှုထမ်း ခေါ်ယူနေတော့ စစ်တပ်ထဲ ထည့်သွင်းလိုက်မှာကို အရမ်းစိုးရိမ်နေပါတယ်။ အပြစ်မရှိဘူးဆိုရင် ပြန်လွှတ်ပေးစေချင်ပါတယ်။ အပြစ်တွေလည်း ဘာမှ လုပ်တာမရှိပါဘူး။ ” ဟု ပြောသည်။
ကျောက်ဖြူမြို့တွင်ရှိသော စစ်ကောင်စီတပ်သားများမှာ ဒေသခံများကို မတရားဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်းများနှင့် အသွားအလာများကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားကြောင်း သိရသည်။
ယင်းအပြင် စစ်ကောင်စီတပ်သားများမှာ ပြီးခဲ့သည့် ၃ ပတ်ခန့်က စ၍ ကျောက်ဖြူမြို့ ပတ်ပတ်လည်ကို မြေမြှုပ်မိုင်းများ ထောင်ထားပြီး လက်ရှိအချိန်အထိ မြေမြှုပ်များနင်းမိပြီး ဒေသခံ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားကြောင်း စုံစမ်းသိရသည်။