ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင်းသို့ စစ်တပ်က လက်နက်ကြီများဖြင့် ပစ်ခတ်သဖြင့် ပြည်သူ ၂ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
ယနေ့ ဇွန်လ ၂၅ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် ကျောက်မဲမြို့နယ်၊ စခန်းသာတောင်ဘက်တွင်လည်းကောင်း၊ ငြိမ်းချမ်းရေးကုန်းတွင်လည်းကောင်း တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်က ကျောက်မဲမြို့တွင်းသို့ လက်နက်ကြီးများဖြင့် တောက်လျှောက်ဆိုသလို ပစ်ခတ် နေခဲ့ကြောင်း သိရှိရသည်။
စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောက်မဲမြို့နယ် ၇ ရပ်ကွက်၊ ၈ ရပ်ကွက်နှင့် ၉ ရပ်ကွက်တို့တွင် လက်နက်ကြီးကျည်များ ပေါက်ကွဲပြီး ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း၊ အသက် ၁၄ နှစ်အရွယ် ကလေးငယ် ၁ ဦးလည်း ဒဏ်ရာရရှိကြောင်း သိရှိရသည်။
“ရပ်ကွက် ၇ ဘက်မှာ လက်နက်ကြီးကျည်ပေါက်ကွဲတယ်။ စစ်တပ်က ပစ်တာ။ လူမထိခိုက်ဘူး။ ရပ်ကွက် ၈ ထုံးဖိုမှာတော့ လူနေအိမ်ရှေ့ လက်နက်ကြီးပေါက်ကွဲပြီး လူ ၁ ဦးသေဆုံးတယ်။ ရပ်ကွက် ၉ မှာလည်း လူမရှိတဲ့ခြံ အုတ်တံတိုင်းခတ်ထားတာကို လက်နက်ကြီး မော်တာကျည် လာထိတယ်။ ရပ်ကွက် ၉ မှာပဲ လူနေအိမ် အိမ်ငှားတန်းလျားမှာနေတဲ့အမျိုးသမီးတစ်ဦးလည်း စစ်တပ်ကပစ်တဲ့ကျည်ထိမှန်သေဆုံးတယ်။ အသက် ၁၄ နှစ်အရွယ် မနန်းအွမ်ငင်းဆိုတဲ့ ကလေး ဒဏ်ရာရတယ်။ အခုထက်ထိ တိုက်ပွဲ ပြင်းထန်နေတုန်းပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ယနေ့ နံနက်ပိုင်း ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်တို့တွင် TNLA တပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း သိရှိရသည်။