ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်တွင် တအာင်းပလောင် TNLA တပ်များနှင့် စစ်ကောင်စီ တပ်များ အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကား တစ်စီး ချောက်ထဲထိုးကျကာ စစ်တပ်၏ လက်နက် ၄ လက်နှင့် ခဲယမ်းများ သိမ်းဆည်း ရရှိကြောင်း TNLA က သတင်းထုတ်ပြန်သည်။
ယမန်နေ့ စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် တအာင်း ပြည်နယ် တပ်မဟာ ၂ စစ်ဒေသ၊ ကျောက်မဲမြို့နယ်၊ လဲကြီးနှင့် တောင်နီ အကြား အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်နှင့် တအာင်း တပ်မတော် တို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ထို့နောက် တိုက်ပွဲဖြစ်ပွားရာ နေရာသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်နှင့် TNLA တို့ ယမန်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် အထိ ထပ်မံတိုက်ပွဲပြင်းထန်ခဲ့ကြကြောင်း၊ စစ်ကောင်စီ ထံမှ MA1 ၃ လက်၊ MA2 ၁ လက်နှင့် လက်နက်ခဲယမ်း များသိမ်းဆည်းရ မိခဲ့ပြီး စစ်ကားတစ်စီးလည်း ချောက်အတွင်းထိုးကျပျက်စီးခဲ့ကြောင်း သိရှိရ သည်။
ထို့ပြင် ယမန်နေ့ စက်တင်ဘာလ ၈ ရက်နေ့တွင် တအာင်းပြည်နယ် တပ်မဟာ ၂ စစ်ဒေသ ကျောက်မဲမြို့နယ်၊ လဲကြီးနှင့် တောင်နီအကြားတွင်လည်းကောင်း၊ စက်တင်ဘာလ ၇ ရက်နေ့တွင် တအာင်းပြည်နယ်၊ တပ်မဟာ ၄ စစ်ဒေသ၊ လားရှိုးမြို့နယ် မုန်းလီနှင့် ကောင်းဆာအကြားတွင်လည်းကောင်း စစ်ကောင်စီ တပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ ကြောင်း သိရှိရသည်။
စစ်ကောင်စီတပ်များက တအာင်းပြည်နယ်အတွင်း စစ်အင်အားအလုံး အရင်း ဖြည့်တင်းလာခြင်းနှင့် ထိုးစစ်ဆင်မှုနေ့စဉ်ပြုလုပ်လာပြီး တအာင်းတပ်မတော် – TNLA နှင့် စစ်ကောင်စီတပ်အကြား နေ့စဉ်တိုက်ပွဲပြင်းထန်နေကြောင်း၊ ဇူလိုင်လ ၂၃ ရက်နေ့မှ ယမန်နေ့ စက်တင်ဘာလ ၈ ရက်နေ့ အထိ တိုက်ပွဲ စုစုပေါင်း ၃၆ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။