ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ဇီးပင်စခန်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ဖျက်ဆီးကာ တန်ဖိုးကြီး ပစ္စည်းများ ခိုးယူသွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ကျောက်မဲမြို့နယ်၊ ဇီးပင်စခန်းရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ဖျက်ဆီးကာ တန်းဖိုကြီး ပစ္စည်းများကို ခိုးယူသွားကြောင်း သိရသည်။
“နေအိမ် ၁၀၀ ကျော်လောက်ရှိတဲ့ ဇီးပင်စခန်းကျေးရွာကို စစ်ခွေးတွေ ဝင်စီးပြီး တစ်ရွာလုံးမှာရှိတဲ့ နေအိမ်တွေကို ဝင်ရောက်မွှေနှောက် ဖျက်ဆီးသွားတယ်။ အိမ်ထဲမှာရှိတဲ့ ပစ္စည်းတွေ အကုန်လုံးကို ဖျက်ဆီးသွားတာ သူတို့ လိုချင်တဲ့ တန်ဖိုးကြီး ပစ္စည်းတွေကိုလည်း ခိုးယူသွားတယ်။ ဖိနပ်တွေ အင်္ကျီတွေလည်း ယူသွားတယ်။ သူတို့ အလိုမရှိတာတွေ အကုန်ဖျက်ဆီးသွားတာ ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူပိုင် နေအိမ်များရှိ ဆန်များကိုလည်း ချက်ပြုတ် စားသောက်သွားကြောင်း၊ လက်ရှိချိန်တွင် ကျေးရွာနေ ပြည်သူအချို့ ရွာအတွင်း ပြန်လည်ရောက်ရှိနေပြီး ပျက်စီး ဆုံးရှုံးသွားသည့် ပစ္စည်းအရေအတွက်နှင့် တန်ဖိုး ပမာဏကို အတည်မပြုနိုင်သေးကြောင်း သိရသည်။