ကျွန်းစုမြို့နယ် ဂျိုးတောင်ရွာမှာ စစ်ကောင်စီတပ်နဲ့ မနေ့က တနေကုန်နီးပါး တိုက်ပွဲဖြစ်ခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၂) ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်မျိုးကြီးက ပြောပါတယ်။
မနက် ၅ နာရီခွဲဝန်းကျင်မှာ စတင်ခဲ့တဲ့ အဲ့ဒီတိုက်ပွဲဟာ ညနေ ၆ နာရီမှာမှ ပစ်ခတ်မှုလုံးဝ ရပ်နားသွားတာဖြစ်ပြီး တနေကုန် နားလိုက် ပစ်လိုက်နဲ့ ထိတွေ့တိုက်ပွဲကြာရှည်ခဲ့တယ်လို့ ရဲဘော်မျိုးကြီးရဲ့ ပြောပြချက်အရ သိရပါတယ်။
ဂျိုးတောင်ရွာ ဘုရားရှိခိုးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၆၀ ဝန်းကျင်နဲ့ ပျူစောထီးအင်အား ၂၀ ဝန်းကျင်တို့ကို ပူးပေါင်းစစ်ကြောင်း (၂) ကနေ လက်နက်ငယ်၊ ဒရုန်း၊ ၄၀ မမ ဗုံးသီးတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက် မနည်းသေဆုံးခဲ့တာကို အတည်ပြုနိုင်ခဲ့တယ်လို့လည်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ မြိတ်ခရိုင်တပ်ရင်း (၂) က ရဲဘော်တစ်ဦးက “ တိုက်ပွဲတွင်း သူတို့ဘက်က ဒရုန်းနဲ့ပြန်ချတာ ဆယ်လုံးလောက်ရှိတယ်။ Dead body တွေကိုတော့ ညမှ ကားနဲ့ လာသယ်သွားတယ်” လို့ ဆိုပါတယ်။
ဂျိုးတောင်ရွာမှာ မနေ့ကဖြစ်တဲ့ တိုက်ပွဲဟာ ဒုတိယအကြိမ်မြောက် ဖြစ်တာပါ။ အခုလ ၅ ရက်နေ့ကလည်း တိုက်ပွဲ ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးခဲ့တယ်လို့ ပူးပေါင်းစစ်ကြောင်း (၂) ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
ဒါ့အပြင် အခုလ ၈ ရက်နေ့နဲ့ ၉ ရက်နေ့တွေမှာလည်း ဂျိုးတောင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ပူးပေါင်းစစ်ကြောင်း (၂) ကနေ ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာလည်း ရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်နဲ့ တိုက်ခိုက်ခဲ့တဲ့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၂) က တနင်္သာရီမြို့နယ်ပကဖအဖွဲ့၊ မြိတ်ခရိုင်တပ်ရင်း (၂) တပ်ခွဲ (၂)၊ ကျွန်းစုမြို့နယ်ပကဖအဖွဲ့၊ ပုလောမြို့နယ်ပကဖအဖွဲ့၊ တနင်္သာရီကာကွယ်ရေးပြောက်ကျားအဖွဲ့၊ တနင်္သာရီရိုးမအဖွဲ့၊ တောပုံးကြီးအဖွဲ့၊ တောင်ပံနီအဖွဲ့၊ တိုင်းပကဖလုံခြုံရေးအဖွဲ့နဲ့ Dragon squad ဒရုန်းအဖွဲ့တို့ ပူးပေါင်းပါဝင်ထားတဲ့ စစ်ကြောင်းပဲ ဖြစ်ပါတယ်။
ကျွန်းစုမြို့နယ်က ထိတွေ့တိုက်ပွဲတွေကြောင့် ဂျိုးတောင်ရွာက ဒေသခံတွေ အပါအဝင် စစ်ဘေးရှောင်ရတဲ့ အရေအတွက်က အိမ်ခြေတစ်ထောင်နီးပါးရှိနေပြီလို့ ဒေသခံတွေက ခန့်မှန်းကြပါတယ်။