မြိတ်ကနေ ကျွန်းစုကိုလာတဲ့ ပဲ့ချိတ်လှေနှစ်စီးပေါ်ပါလာတဲ့ မီးသွေးဖုတ်လုပ်ငန်းလုပ်ကိုင်သူတွေရဲ့ဆန်နဲ့ ဆီတွေကို စမုံချောင်းဝမှာရှိတဲ့ စစ်ကောင်စီတပ်ကင်းစခန်းက မတရားသိမ်းဆည်းခဲ့ပြီး ဆန်တစ်အိတ်ပဲ ပြန်ပေးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ကင်းစခန်းက မနေ့ညနေပိုင်းမှာ သိမ်းဆည်းလိုက်တာက ၂၄ ပြည်ဆန်အိတ် ၂၀ နဲ့ စားအုန်းဆီ ငါးဂါလံဆံ့ ပုံးဝါ ၅ ပုံးဖြစ်ပြီး အဲ့ဒီရိက္ခာတွေက ဘန္ဒနဲကျေးရွာအုပ်စုထဲက မြိုင်သာ၊ ကျွန်းသာ၊ ကမ်းသာရွာတွေက မီးသွေးဖုတ်သူတွေရဲ့ ချွေးနဲစာတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြန်ပေးလိုက်တဲ့ ဆန်တစ်အိတ်ကုန်ရင် အဲ့ဒီစစ်ကောင်စီတပ်ကင်းစခန်းမှာပဲ ဆန်နောက်တစ် အိတ်ပြန်လာထုတ်ဖို့ နှုတ်အမိန့်နဲ့ ပြောဆိုလိုက်တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
“ လုံးလုံးခဲခဲစုပြီး မြို့တက်ဝယ်ချိန်ကျမှ အကုန်သိမ်းခံလိုက်ရတော့ အကုန်စားငတ်၊ သောက်ငတ်ဖြစ်နေကြပြီ။” လို့ သိမ်းဆည်းခံလိုက်ရတဲ့ စားနပ်ရိက္ခာတွေရဲ့ပိုင်ရှင်ဖြစ်သူတွေနဲ့ နီးစပ်သူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
မီးသွေးဖုတ်လုပ်ငန်း လုပ်ကိုင်သူတွေဟာ ပုံ မှန်ဝင်ငွေမရှိဘဲ မီးသွေးဖုတ်တဲ့အချိန်မှသာ ဝင်ငွေရတာရယ် လမ်းပန်းဆက်သွယ်ရေးခက်ခဲတာတွေရယ်ကြောင့် လုပ်အားခစုပြီး ပိုက်ဆံတတ်နိုင်တဲ့အချိန်တွေမျိုးမှာသာ မြိတ်မြို့ပေါ်မှာ ရိက္ခာတက်ဝယ်လေ့ရှိတာလို့ ဒေသခံတွေက ပြောပြပါတယ်။
ကာလတန်ဖိုးအရ စားအုန်းဆီပုံးဝါတစ်ပုံးကို ကျပ် ၈၀၀၀၀ ဝန်းကျင်၊ ၂၄ ပြည်ဆန်ကြမ်းတစ်အိတ်ကို ကျပ် ၈၀၀၀၀ ဝန်းကျင်ရှိနေတာကြောင့် စစ်ကောင်စီတပ်သားတွေသိမ်းယူခဲ့တဲ့ စားနပ်ရိက္ခာတွေရဲ့စုစုပေါင်းတန်ဖိုးဟာ ကျပ်သိန်းနှစ်ဆယ်ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကျွန်းစုနဲ့ မြိတ်ကိုသွားတဲ့ ခရီးသည်တစ်ဦးရဲ့ ကူးတို့ခဟာ လူတစ်ဦးကို ကျပ်လေးထောင်ပေးရပါတယ်။
အခုနှစ် ဇူလိုင်လကလည်း ဘန္ဒနဲကျေးရွာအုပ်စုက ခရီးသည်တွေနဲ့ စားနပ်ရိက္ခာတင်လာတဲ့ ပဲ့ချိတ်လှေတစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ရိက္ခာထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ဖူးပါတယ်။
အဲဒီတုန်းကတော့ ဆန်အိတ် ငါးဆယ်ကျော်ကို စစ်ကောင်စီတပ်က အပြီးပိုင်သိမ်းယူခဲ့ပြီး လှေပေါ်ပါလာတဲ့ အရပ်သားတွေကို ရက်ပိုင်းမျှ ဖမ်းဆီးစစ်ဆေးမေးမြန်းကာ ပြန်လွှတ်ပေးခဲ့ပါတယ်။