ကျွန်းစုမြို့နယ်၊ ကော်ဇယာကျေးရွာအုပ်စု၊ ကျောက်တလုံးကျေးရွာက မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးသူသုံးဦးကိုဖမ်းဆီးထားတယ်လို့ ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ စာထုတ်ပြန်ပါတယ်။
လွန်ခဲ့တဲ့ တစ်ပတ် အခုလ ၂၂ ရက်နေ့က ကိုမင်းမင်း၊ ဦးဇော်၊ မမိုးမိုး တို့ကို နေအိမ်မှာပဲ WY စိတ်ကြွရူးသွပ်ဆေးပြား (၁၇၈)လုံးနဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့ စာမှာရေးသားထားပါတယ်။
သူတို့ကို ဒီကနေ့ထိ ထိပ်တုံးခတ် အပြစ်ပေးအရေးယူထားဆဲဖြစ်ပြီး အပြစ်ဒဏ်ခံယူပြီးရင် ပြန်လွှတ်ဖို့ရှိတယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိတဲ့ WY ဆေးပြားတွေကိုလည်း ပိုင်ရှင်တွေရှေ့မှာပဲ မီးရီု့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာရေးသားထားပါတယ်။
ကျွန်းစုမြို့နယ်က မူးယစ်ဆေးရောင်းဝယ်မှုတွေမှာ ရဲတပ်သားနဲ့ စစ်ကောင်စီတပ်သားတွေ ပါဝင်နိုင်ဖို့များတယ်လို့ ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုငါးမန်းက ပြောပါတယ်။
“ ဘာလို့ဆို သူတို့ သိရဲ့နဲ့ လွှတ်ပေးထားတာပဲလေ။ ဒါက အစကတည်းက ပြောရရင် အာဏာမသိမ်းမီကတည်းက တောင်ပြောလို့ရတယ်လေ။ နယ်ထိန်းတွေဆို ပိုက်ဆံယူပြီး ပြန်ကြတာများတယ်။ မူးယစ်အမှုဆို အောက်တင်မှာပဲ ပြီးပြီးသွားကြတာ မကြာခဏဆိုသလို ကြားနေရတာပါပဲ” လို့ ပြောပါတယ်။
ကိုငါးမန်းပြောတဲ့ “အောက်တင်” ဆိုတာဟာ ငွေကြေးနဲ့ညှိ့နှိုင်းပြီး ပြီးသွားတာမျိုးလို့ ဆိုပါတယ်။
ကျွန်းစုမြို့နယ်ဟာ ဖုန်း၊ အင်တာနက်ချိတ်ဆက်မှုအားနည်းတဲ့အတွက် သတင်းစီးဆင်းမှုအားနည်းပြီး ဒေသတွင်းမူးယစ်ဆေးဝါးပျံ့နှံ့မှုနဲ့ပတ်သက်လို့ ခန့်မှန်းဖို့ခက်တယ်လို့ သူကဆိုပါတယ်။
ကျွန်းစုပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ ထိထိရောက်ရောက်ကိုင်တွယ်ခဲ့တဲ့ မူးယစ်ဆေးဝါးမှု အခုအမှုအပါအဝင် နှစ်ခုရှိခဲ့တယ်လို့ သိရပါတယ်။