တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်တွင် ၁၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၄ ဦးသေဆုံးခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျွန်းစုမြို့နယ် မင်းဂုတ်ကျေးရွာနှင့် ရတောင်ကျေးရွာတွင်ရှိသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း-၂ နှင့်အတူ တနင်္သာရီ-ပကဖ၊ ကျွန်းစု-ပကဖ တို့မှ ပူးပေါင်း သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းထိတွေ့ တိုက်ပွဲသည် နှစ်ပတ် နီးပါးအထိ ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပျူစောထီး ၁၄ ဦး သေဆုံးပြီး ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး ပူပေါင်းတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၂ သည် မြိတ်ခရိုင် တပ်ရင်း-၂၊ တပ်ခွဲ၂၊ တနင်္သာရီ ပကဖ၊ ကျွန်းစု ပကဖ၊ ပုလော ပကဖ နှင့် Dragon squad တို့ဖြစ် စုပေါင်းဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရှိရသည်။
ထိတွေ့ တိုက်ပွဲများ ထပ်မံ ဖြစ်ပွားလာနိုင်သောကြောင့် ကျွန်းစုမြို့နယ်အတွင်း ပြည်သူများအနေဖြင့် အသွားအလာ အထူးဂရုစိုက်ကြရန်နှင့် ပြည်သူကာကွယ်ရေးအဖွဲ့များမှ သတိပေးထုတ်ပြန်ချက်များ တိုက်ပွဲသတင်းများကို အမြဲမပြတ် စောင့်ကြည့် နားထောင်ကြပါရန် မေတ္တာရပ်ခံကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။