စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနောက်ဘက်ရှိ လိပ်ဆင်းတောင် ရွာအနီးတွင် အကြမ်းဖက်စစ်တပ်က ဂျက်တိုက်လေယာဥ် ၂ စီးဖြင့် အကြိမ်ကြိမ်ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၀၀ နာရီ ၃၀ မိနစ်အချိန်မှစတင်၍ ကျွန်းလှမြို့နယ်ရှိ အိမ်ခြေ ၃၀၀ နီးပါးရှိသော လိပ်ဆင်းတောင်ရွာအနီးတွင် တံတားဦးလေတပ်မှ တက်လာသော ဂျက်တိုက်လေယာဥ် ၁ စီးဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ယင်းနောက် ယနေ့ နံနက် ၈ နာရီ ၅၀ မိနစ်အချိန်ခန့်တွင်လည်း ဂျက်တိုက်လေယာဥ်နောက် ၁ စီးဖြင့် ဗုံးများ ကျဲချနေသည်ဟု ဒေသခံပြည်သူများကပြောသည်။
” ညသန်းခေါင်လောက်ကလည်း လေယာဥ်နဲ့ ရွာနားလာပစ်သွားသေးတယ်။အခုလည်း ရွာနားကို ဗုံးကျဲချနေတာ ၄ ခါရှိနေပီ။ငါတို့လည်း ရွာထဲမနေရဲလို့ အထုပ်ပြင်ပီး ထွက်ဖို့လုပ်နေတာ”လို့ လိပ်ဆင်းတောင်ရွာခံတဦးက ပြောသည်။
စစ်ကောင်စီတပ်က လိပ်ဆင်းတောင်ရွာအနီးကို ယနေ့နံနက်ပိုင်း လေကြောင်းပစ်ခတ်ခဲ့ခြင်းနှင့်ပတ်သက်၍ ထိခိုက်ပျက်စီးမှု အသေးစိတ်ကို မသိရသေးပေ။
လွန်ခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်နေ့ကလည်း စစ်ကောင်စီတပ်က လိပ်ဆင်းတောင်ရွာအနီးကို Mi 35 တိုက်ခိုက်ရေးရဟတ်ယာဥ်ဖြင့် ပစ်ခတ်သဖြင့် နေအိမ်၁၀လုံး အမိုးအကာများပျက်စီးခဲ့ကြောင်း၊ ဒေသပြည်သူများက ပြောဆိုသည်။