ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်က စစ်တပ်စခန်းတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ အမြောက်တပ် အမတ (၃၁၈) က စစ်ဗိုလ် တစ်ဦးနဲ့ တပ်သား တစ်ဦး သေဆုံးပြီး စစ်သား ၅ ဦးထက်မနည်း ပြင်းထန် ဒဏ်ရာ ရရှိခဲ့တယ်လို့ တောင်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.F တပ်ဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ကြာအင်းဆိပ်မြို့နယ်က ခလရ (၂၈၃)၊ ခုတ်ခွါးစစ်စခန်း၊ အဘစ် စစ်ကောင်စီဂိတ်၊ ခလယ်တံခွန်တိုင် ရဲစခန်းတို့ကို KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့- S.O.F၊ Cloud Wings ဒရုန်းတပ်ဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းပြီး ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဇွန်လ ၂၉ ရက်ကစပြီး လက်ရှိအချိန်ထိ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ် ခြေကုပ်ယူထားတဲ့ စခန်းတွေ သုံးမရအောင် ပျက်စီးသွားတယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့က ပြောပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီး ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမ တွေနဲ့ နေရာအနှံ့ ပြန်ပစ်ပေမဲ့ ပူးပေါင်းတပ်ဖွဲ့ ထိခိုက်တာ မရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလို တစ်ပတ်ကျော်ကြာ တိုက်ခိုက်မှုတွေကြောင့် ဒေသတွင်း စစ်ရေး တင်းမာနေပြီး စစ်ပြင်နေတာကြာင့် ဒေသခံ ပြည်သူတွေကတော့ စစ်ဘေး တိမ်းရှောင်ရမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လပိုင်းက တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး လက်ရှိ တိုက်ပွဲတွေ ငြိမ်သက်နေတာ ဖြစ်ပါတယ်။