ကရင်အမျိုးအသားအစည်းအရုံး ( KNU ) တပ်မဟာ၆၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ အင်အား၃၀ခန့် တပ်စွဲထားတဲ့ ကွီလုံတိုင်စစ်စခန်းအား ဩဂုတ်လ၊ ၂၄ရက်နေ့က စတင်ပြီး တိုက်ခိုက်ခဲ့ပါတယ်။
အဆိုပါ ကွီလုံတိုင်စစ်စခန်းအား မဆုံးရှုံးစေရန် လက်နက်၊ခဲယမ်း၊ရိက္ခာများကို ထိုင်းဘက်ခြမ်းကနေ စစ်ကူပို့လာတဲ့ အင်အား၁၀၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းအား စက်တင်ဘာလ၊ ၆ရက်နေ့ကစတင်ပြီး လိုက်လံတိုက်ခိုက်ခဲ့ပါတယ်။
ဩဂုတ်လ၊ ၂၄ရက်နေ့ မှစတင်ကာ စက်တင်ဘာလ၊ ၁၄ရက်နေ့အထိ ရက်၂၀ကျော်ကြာ တိုက်ပွဲများအတွင်း Cloud Wings ဒရုန်းတပ်ဖွဲ့မှ ၁၀၇မမ၊ ၈၁မမ၊ ၆၀မမ အစရှိတဲ့ ဗုံးသီးအလုံးပေါင်း ၂၀၀ကျော်အား ကြဲချခဲ့ပြီး အကြိမ်အရေအတွက်ပေါင်း ရာနဲ့ချီကာ ပျံသန်းတိုက်ခိုက်ခဲ့ပါတယ်။
အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်း ခမရ-၃၃၉၊ ခမရ-၅၆၁၊ ခမရ-၅၅၇ အစရှိတဲ့ တပ်များ ပါဝင်တိုက်ခိုက်ခဲ့ကြပြီး လေကြောင်းပစ်ကူများလည်း ပေးခဲ့ကြပါတယ်။
၄င်းတိုက်ပွဲအတွင်း ရန်သူစစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်သားများကို ထိုင်းဘက်ခြမ်းမှတဆင့် ကားများဖြင့် သယ်ဆောင်သွားကြပြီး သေဆုံးသွားသူများကို ဟောင်သရောမြစ်အတွင်းသို့ ပစ်ချလိုက်ကြပါတယ်လို့ ဒေသခံများမှတဆင့် ပြန်လည်သိရှိရပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA၏ ဦးစီးဦးဆောင်မှု၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF၊ မဟာမိတ်တပ်ဖွဲ့များနှင့်အတူ Cloud Wings ဒရုန်းတပ်ဖွဲ့မှ အဆိုပါစစ်ဆင်ရေးအား ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း Cloud Wings
တာဝန်ခံ ကိုငြိမ်းမှ ရေးသားဖော်ပြလာခဲ့ပါတယ်။