ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တရားရုံးနှင့် ရဲစခန်းတို့ကို စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး KNU က ပစ်ခတ်ဟု စစ်တပ်က လိမ်လည် သတင်းထုတ်ပြန် ဝါဒဖြန့်ကြောင်း KNU က တရားဝင် သတင်းထုတ်ပြန်သည်။
မေလ ၂၉ ရက်နေ့ နံနက် ၆ နာရီ ၁၉ မိနစ် အချိန် အောင်မျိုးထွန်း ဦးဆောင်သော ကြာအင်းဆိပ်ကြီး အခြေစိုက် အမှတ် ၁ ဗျူဟာကုန်းက ၁၂၀ မမ ဖြင့် ကြာအင်းဆိပ်ကြီးမြို့ သို့ ရည်ရွယ်ချက်ရှိရှိ စနစ်တစ်ကျ စီစဥ်ပစ်ခတ်ရာ ကြာအင်းဆိပ်ကြီးမြို့ စစ်ကောင်စီ တရားရေးဌာနရုံး အနားတွင် ၁ လုံး နှင့် စစ်ကောင်စီ ရဲဌာနရုံး အနားတွင် ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး မည်သူမှ ထိခိုက်ဒဏ်ရာ မရှိကြောင်း၊ ရုံး၏ အမိုး သွပ်ပြားတချို့ နှင့် စစ်ကောင်စီ ရဲဌာန မိသားစုများနေထိုင်ရာ အဆောက်အဦး တစ်ချို့ လက်နက်ကြီး ကျည်စထိမှန် ပျက်စီးခဲ့ကြောင်း KNU က ပြောသည်။
အာဏာသိမ်း အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် လက်အောက်ခံတပ်များက ပြည်သူများကို ရန်သူသဖွယ် ပစ်မှတ်ထားခဲ့သည်သာမက နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ရန် အဖျက် အမှောင့် ဗျူဟာများအား စနစ်တကျ စီစဥ် လုပ်ဆောင်လျက်ရှိကြောင်း၊ လက်နက်ကြီးများကို ပြည်သူနေ မြို့ရွာများအတွင်းသို့ ဦးတည်ပစ်ခတ်၍ တော်လှန်ရေး တပ်ဖွဲ့များမှ သွားရောက် ပစ်ခတ်ခြင်း ဖြစ်သည် ဆိုပြီး ကောက်ကျစ်ယုတ်မာသော ဝါဒဖြန့်မှုများကို အထူးလုပ်ဆောင်လျက်ရှိကြောင်း KNU က ဆိုသည်။
စစ်တပ်၏ သတင်းထုတ်ပြန်ချက်တွင် ဒရုန်းဗုံးသီး ၂ လုံးအနက်မှ ၁လုံးသည် ကြာအင်းဆိပ်ကြီးမြို၊ အမှတ် ၅ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြို့မရဲစခန်းအတွင်း ခေါင်မိုးပေါ်သိုကျရောက်ခဲ့ရာ ခေါင်မိုးသွပ်များပျက်စီးခဲ့ကြောင်း၊ ကျန် ၁ လုံးမှာ စခန်းဝန်းအတွင်းရှိ မိသားစုဝင် နေအိမ် ၄ ခန်းတွဲ လိုင်းအမှတ် ၂ ၊ အခန်း ၁ ရဲတပ်ကြပ်သက်အောင်ဇော်၏နေအိမ်ခေါင်မိုးအပေါ်သို ကျရောက် ပေါက်ကွဲခဲ့ရာ ရဲတက သက်အောင်ဇော်၏သားဖြစ်သူ မောင်ရဲလင်းထက်၊ ၁၉ နှစ်၏ နောက် ကျော ဗုံးစထိမှန်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း လိမ်လည် ဝါဒဖြန့် သတင်းထုတ်ပြန် ထားသည်။