ကြားကာလပြည်သူ့အုပ်ချုပ်ရေး အကောင်အထည်ဖော်ဆောင်နေတဲ့ ဒေသတွေမှာရှိတဲ့ ပုဂ္ဂလိကဘဏ်တွေ မှာ အပ်နှံထားတဲ့ ပြည်သူတွေရဲ့ အပ်နှံငွေတွေ ဆုံးရှုံးနစ်နာမှု မရှိစေရေး စီမံဆောင်ရွက်ထားရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကြားကာလဗဟိုဘဏ်က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ အောက်တိုဘာလ နှောင်းပိုင်းမှစတင်ပြီး အရှိန်အဟုန်မြှင့်တင်ခဲ့တဲ့ ပြည်သူ့ နွေဦးတော်လှန်ရေး၊ အောင်ပွဲများနဲ့အတူ ကြားကာလပြည်သူ့အုပ်ချုပ်ရေး အကောင်အထည်ဖော် လျက်ရှိတဲ့ ဒေသများရှိ ပုဂ္ဂလိကဘဏ်တွေမှာ အပ်နှံထားတဲ့ပြည်သူများရဲ့ အပ်နှံငွေတွေနဲ့ စပ်လျဉ်းပြီး ပြည်သူများ ဆုံးရှုံးနစ်နာမှုမရှိစေရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ် အနေနဲ့ အချိန်နဲ့တပြေးညီ စီမံဆောင်ရွက်လျက်ရှိတယ်လို့ဆို ဖော်ပြထားပါတယ်။
ကြားကာလဗဟိုဘဏ်တည်ထောင်ခြင်းဆိုင်ရာ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်၊ အပိုဒ် (၃) မှာ ဖော်ပြထားတဲ့အတိုင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်အနေနဲ့ ပြည်သူများရဲ့ နစ်နာဆုံးရှုံးမှုများကို အချိန်မီကုစားနိုင်ရန်အတွက် ပြည်သူ့အုပ်ချုပ်ရေးစတင် ဆောင်ရွက်နေတဲ့ ဒေသများ မှာ ဘဏ္ဍာရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်များကို ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းစီမံချက် ( SOPs – Standard Operating Procedures ) ထုတ်ပြန်ပြီး စနစ်တကျရှိစေရန်နဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် စီစဉ်ဆောင်ရွက်လျက် ရှိတယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါလုပ်ငန်းစီမံချက်မှာ သိမ်းပိုက်ရရှိတဲ့နယ်မြေအတွင်းရှိ ပုဂ္ဂလိကဘဏ်များရဲ့ ပရိဝုဏ်၊ အဆောက်အအုံ၊ ဘဏ်ဝန်ထမ်း (ရှိပါက)၊ ဘဏ်အတွင်းရှိ ငွေသား၊ ဘဏ်ငွေတိုက် (Vault) ရှိငွေသား၊ စာရင်းမှတ်တမ်းများ၊ စာချုပ်စာတမ်းများ၊ ပေါင်နှံစာရွက်စာတမ်းများ (Collateral)၊ ဘဏ်အတွင်းရှိ စက်ပစ္စည်းကိရိယာများ၊ ရုံးသုံး Software၊ Hardware များနဲ့စပ်လျဉ်းတဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်အသေးစိတ်ကို ဖော်ပြသတ်မှတ်ထားပြီး ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များရဲ့ လိုက်နာ အကောင်အထည်ဖော်ဆောင်မှုကို အထူးကြပ်မတ် စီမံလျက်ရှိတယ်လို့ ဆိုပါတယ်။
အခြေအနေတည်ငြိမ်တာနဲ့ ထိန်းသိမ်းပြုစုထားတဲ့ စာရင်း၊ ဇယား၊ မှတ်တမ်းများနဲ့အညီ ပြည်သူ့အပ်နှံငွေများ ပြည်သူ့ထံပြန်လည်ရရှိစေရန် စီမံဆောင်ရွက်သွားမှာဖြစ်ပြီး အမျိုးသား ညီညွတ်ရေးအစိုးရ အနေဖြင့် ပြည်သူ့အကျိုးစီးပွားကို အစဉ်ရှေ့တန်းတင် ဆောင်ရွက်လျက်ရှိတယ်ဆိုပြီး တော့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။