ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်ရှိ စိုင်းဂေါင်းကျေးရွာအုပ်စု သာစည်ရွာအနီး ကားလမ်းဘေးမှာ မေ ၁၀ ရက် မွန်းလွဲ ၂ နာရီက ဒေသခံ ၄ ယောက်ကို PDF လို့စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
PDF လို့ စွပ်စွဲပြီး ဖမ်းဆီးခံရတဲ့ ၄ ယောက်ထဲက ၁ ယောက်ကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး ကျန်တဲ့ အမျိုးသမီးတယောက်နဲ့ အမျိုးသား ၂ ယောက်ကိုတော့ ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခံရသူဟာ ကိုမောင်မင်း ဆိုသူဖြစ်ပြီး ထွက်ပြေးလို့ သေနတ်နဲ့ပစ်သတ်ခံရတာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေဟာ လက်နက်ခဲယမ်းနဲ့ ဗုံးတွေတွေ့လို့ ဖမ်းတာလို့ ပြောဆိုနေကြပေမဲ့ စစ်ကောင်စီဘက်ကတော့ အခုလို ဖမ်းဆီးတာနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
သာယာဝတီခရိုင် PDF ဘက်ကလည်း အခု စစ်ကောင်စီဘက်က ဖမ်းဆီးထားတဲ့အပေါ်မှာ တပ်ဖွဲ့ဝင်တွေ ဟုတ်၊ မဟုတ် အတည်ပြုပြောဆိုတာ မရှိသေးပါဘူး။